KNLA နှင့် KNDO ပူးပေါင်းအဖွဲ့မှ တပ်စခန်းတစ်ခုကို သိမ်းပိုက်

KNLA နှင့် KNDO ပူးပေါင်းအဖွဲ့မှ တပ်စခန်းတစ်ခုကို သိမ်းပိုက်

KNU တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ကြားရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင် အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ပူးပေါင်းတပ်တို့က စက်တင်ဘာလ ၉ ရက် (ယနေ့) တွင် တိုက်ခိုက်သိမ်းယူလိုက်သည်ဟု KNU ပြန်ကြားရေးဌာနက ပြောသည်။



KNU ပြန်ကြားရေးဌာနက စက်တင်ဘာလ ၉ ရက်နေ့ ယနေ့ ထုတ်ပြန်ချက်ထဲတွင် “ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ တပ်မ ဟာ ၃ နှင့် တပ်မဟာ ၅ အကြားရှိ ကဘောတူအရပ်ဒေသမှ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းကို တိုက်ခိုက်သိမ်းယူလိုက်ပါသည်” ဟု ပါရှိသည်။



စစ်ကောင်စီ၏ တပ်စခန်းကို သိမ်းယူနိုင်ခဲ့သော်လည်း တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပေ။ ထုတ်ပြန်ချက်ထဲတွင် “ဆက်လက်ဖော်ပြမည်” ဟု ရေးထားသည်။



“ထို့သို့ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းကို KNU - KNLA နှင့် KNDO တို့မှ တိုက်ခိုက်သိမ်းယူပြီးသည့်နောက်တွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အခင်းဖြစ်ပွားသောနေရာနှင့်အနီးတဝှိက်နှင့် ကေအဲန်ယူ - မူတြော်ခရိုင်ရှိ ယယ်မူပလောကျေးရွာကို လေယာဥ်ဖြင့် လာရောက်ကြည့်ရှုထောက်လှမ်းမှုများ ပြုလုပ်ကြပါသည်” ဟု KNU က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။



စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့အတွက် ဩဂုတ်လအတွင်းမှာ KNU တပ်မဟာ (၁) နယ်မြေ ဒူးသထူခရိုင်ထဲမှာ ၂၄ ကြိမ်၊ တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင် ၆ ကြိမ်၊ တပ်မဟာ ၃ ညောင်လေးပင် ခရိုင် ၂ ကြိမ်၊ တပ်မဟာ ၅ မူတြော်ခရိုင်ထဲမှာ ၁၈၁ ကြိမ်နှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင်ထဲတွင် ၄ ကြိမ် စုစုပေါင်း ၂၁၇ ကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KNU ထုတ်ပြန်ထားသည်။



စက်တင်ဘာလ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီကို စတင်တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း ၎င်းတို့၏ဒေသကို အခိုင်အမာ တိုက်ခိုက်ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ရန် ပြောဆိုထားသည်။



ထိုသို့ပြောဆိုပြီးနောက် ၂ ရက်အကြာတွင် KNU ၏ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် KNLA နှင့် KNDO တို့မှ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ကြားရှိ စစ်ကောင်စီ၏ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။



ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအဝန်းတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ တိုင်းရင်းသားဒေသများတွင်လည်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...