တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်များကို KNU နှင့် ဒေသခံ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ရွာသားများက ပြောသည်။
စက်တင်ဘာလ ၇ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်သည် ပိန္နဲတောင်ကျေးရွာနှင့် ဒူရင်းပင်ရှောင်ကျေးရွာတို့ဘက်မှ စစ်ကြောင်းနှစ်ကြောင်းခွဲကာ KNU ထိန်းချုပ်နယ်မြေအတွင်းကို အကြောင်းကြားမှုမရှိဘဲ ဝင်ရောက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ ပုလောမြို့မှ အရှေ့ဘက် ခြောက်မိုင်ခန့်အကွာ ဆားခဲကျေးရွာနှင့် ပိန္နဲတောင်ကျေးရွာအစပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“နှစ်ဖက် ပစ်ခတ်မှုတွေဖြစ်တယ်။ စစ်တပ်ဘက်က ဗုံးသီး၊ လောင်ချာတွေသုံးတယ်။ စက်သေနတ်သုံးပြီး ပစ်တယ်။ ရွာသားတွေလည်း ကြောက်လန့်ပြီး ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ ပုန်းနေကြရတယ်” ဟု ဖြစ်စဉ်အနီး ရောက်ရှိနေသည့် အဆိုပါ မျက်မြင်ဒေသခံက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်အဆင့် အရာရှိနှစ်ဦးအပါအဝင် ၄ ဦး ကျဆုံးပြီး၊ အယောက် ၃၀ ခန့် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာ အရေးပေါ်လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားကြောင်း ကိုယ်တိုင်မြင်တွေ့လိုက်သူတစ်ဦးက ပြောသည်။
KNU တပ်မဟာ ၄ နှင့် PRDF အဖွဲ့တို့ဘက်က အထိအခိုက်အကျအဆုံးမရှိဘဲ PDF အဖွဲ့ဝင်တစ်ဦးသာ နားရွက်ကျည်ပွတ်ထိ (မစိုးရိမ်ရ) ခဲ့ကြောင်း ၎င်းကပြောသည်။
ဗိုလ်ကြီးဇော်ထွန်း ဦးဆောင်သည့် KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၂ တို့အပြင် PDF အဖွဲ့၊ ပုလောဒေသခံ မဟာမိတ်အဖွဲ့များပါဝင်သည့် PRDF (Palaw Regional Defence Forces) တို့နှင့် စစ်ကောင်စီတပ်များ ယနေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်က စတင်ကာထိတွေ့မှုပေါင်း ၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
ပိန္နဲတောင်နှင့် ဒူးရင်းပင်ရှောင်ကျေးရွာ အနီးတဝိုက်သည် KNU တပ်မဟာ ၄ တပ်ရင်း ၇ တပ်ခွဲ ၂ ၏ အခြေစိုက်ရာ နေရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်များက အကြောင်းမကြားဘဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း KNU တပ်ခွဲမှူး ဗိုလ်ကြီးဇော်ထွန်းက ပြောသည်။
“ငါတို့ကလေးတွေကို ငါတို့သေပြီးမှ ထိလို့ရမယ်၊ ငါကိုယ်တိုင်ဦးစီးပြီး တိုက်နေတယ်၊ လွယ်လွယ်ရလိမ့်မယ် မထင်နဲ့” ဟု KNU တပ်ခွဲမှူး ဗိုလ်ကြီးဇော်ထွန်းက ပြောသည်။
စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်များသည် ဒူးရင်းပင်ရှောင်ကျေးရွာအထိ ပြန်ဆုတ်သွားခဲ့ပြီး မြိတ်မှ အင်အားအပြည့် စစ်ကူကား ၂၀ စီးခန့်ဖြင့် အဆိုပါရွာ၌ ယာယီတပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီးပစ်ခတ်သံများကို ပုလောမြို့ပေါ်ကပင် ကြားနေရကြောင်း ပုလောမြို့ခံတစ်ဦးက ဆိုသည်။
ကျောက်နိမ့်၊ နန်းတောင်ကျေးရွာများဘက်က ဒေသခံအချို့လည်း ယခုခါ ပုလောမြို့ပေါ်သို့ ထွက်ပြေးလာနေသည်ဟု မြို့ခံအချို့က ပြောသည်။
ဓါတ်ပုံ - We Are Everything







