မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးများပစ်သဖြင့် ဒေသခံများ စိုးရိမ်

မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးများပစ်သဖြင့် ဒေသခံများ စိုးရိမ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိပ်ကြောက်ရွံ့နေကြသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီ ခမရ (၄၀၅) စစ်ကြောင်း (၂) တပ်ဖွဲ့တို့မှ စက်တင်ဘာ ၆ ရက်နေ့ ည ၁၂ နာရီကျော်ခန့်တွင် လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာအုပ်စုအတွင်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံပြောပြချက်နှင့် KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း ဒေသခံများက စိုးရိမ်ကြောက်ရွံ့နေကြရသည်ဟု "လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ကြားရတယ်၊ ဘာကြောင့်ပစ်တာလည်းတော့ မသိဘူး လူတွေကတော့ ကြောက်နေကြတာပေါ့။ ထပ်ပြီး ပစ်ခတ်လာမှာကိုလည်း စိုးရိမ်နေကြတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့်ပတ်သက်၍ KNU တပ်မဟာ (၅) ဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ဆောင်လာသည့် ကားအတွက် ခရီးလမ်းတစ်လျှောက် လမ်းကြောင်းရှင်းလင်းပေးသည့်အနေဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNU ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

"သူတို့က တပ်မဟာ ၅ ဖက်မှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီ တပ်သားတွေကို အရပ်သားကား (၁) စီးနဲ့ ပြန်သယ်လာတာ၊ အစူးချောင်း၊ သံတံတားနားရောက်တော့ 79 လောင်ချာသုံးချက်၊ 81 mm နှစ်ချက်နဲ့  စက် သေနတ်တွေနဲ့ ရမ်းပစ်တာရှိတယ်၊ တခြားထိခိုက်မှု မရှိပေမယ့် ဒေသခံတွေ ကြောက်နေကြတယ်" ဟု KNLA တပ်မှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ စီးနင်းလိုက်ပါလာသည့် အရပ်သားကားအတွင်း ထိခိုက်ဒဏ်ရာရ တပ်သား ၄ ဦးပါဝင်ကာ ၎င်းတို့အား ခမရ (၄၀၆) နတ်ကြီးစခန်းသို့ ပို့ဆောင်ခြင်းဖြစ်ပြီး ခရီးလမ်းတစ်လျှောက် လမ်းကြောင်းရှင်းသည့် အနေဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲမှ သတင်းပေးပို့ထားသည်ဟု KNU က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း သထုံခရိုင်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို KNU တပ်မဟာ (၁) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် သထုံခရိုင်အတွင်းရှိ KNU တပ်မဟာ (၁) နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့နေမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...