သတင်းထောက် မသူဇာ ဖမ်းခံရပြီဟု မိသားစုယူဆ

သတင်းထောက် မသူဇာ ဖမ်းခံရပြီဟု မိသားစုယူဆ

စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး တိမ်းရှောင်နေသည့် သတင်းထောက် မသူဇာသည် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ ၅ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း မသူဇာ၏ ခင်ပွန်းက ပြောသည်။

“သူနဲ့က ရှောင်နေရပေမယ့် နေ့တိုင်းအဆက်အသွယ်ရှိတယ်။ နောက်ဆုံး အရေးပေါ်ဆက်သွယ်ဖို့ ဖုန်းလည်းရှိတယ်။ အခု အဆက်အသွယ်မရတာ ၅ ရက်လောက်ရှိပြီဆိုတော့ သူအဖမ်းခံရလိုက်ပြီလို့ ကျနော်တို့က ယူဆတယ်” ဟု မသူဇာ၏ ခင်ပွန်းက ပြောသည်။

သတင်းထောက် မသူဇာ၏နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မေလအတွင်းက လာရောက်ရှာဖွေခဲ့ဖူးပြီး တိမ်းရှောင်နေသဖြင့် ထိုအချိန်က လွတ်မြောက်ခဲ့သည်ဟု မသူဇာ၏ ခင်ပွန်းက ဆိုသည်။

“နောက်ဆုံး သူရှောင်နေတာတော့ ကမာရွတ်မြို့နယ်ထဲမှာ။ သူ တစ်ခုခုသွားစရာရှိလို့ ဖုန်းမဆက်ရင်တောင် Message (စာတို) ပို့တယ်။ သူနဲ့အဆက်သွယ်မရတာနဲ့ အိမ်ကမိသားစု စိတ်ပူနေမှာကို သူသိတော့ ဆက်သွယ်တယ်။ အခုသူအဖမ်းခံရတာ ၈၀ ရာခိုင်နှုန်းလောက် သေချာနေပြီ” ဟု မသူဇာခင်ပွန်းက ပြောသည်။

မသူဇာကို စက်တင်ဘာ ၁ ရက်၊ မွန်းလွဲ ၃ နာရီအချိန်ခန့်က အဆက်အသွယ်ရခဲ့ပြီး အပြင်သို့ရောက်နေကြောင်း၊ ထို့နောက် ဖုန်းစက်ပိတ်သွားပြီး ၎င်းတိမ်းရှောင်နေသည့်နေရာသို့ ပြန်မရောက်လာတော့ကြောင်း၊ နောက်ရက်များတွင် အဆက်သွယ် လုံးဝမရတော့ကြောင်း မိသားစုထံမှ သိရသည်။

“အခုတော့ ရှေ့နေတွေနဲ့တိုင်ပင်ပြီး စုံစမ်းနေတယ်။ ရှေ့နေတွေက သူ စစ်ကြောရေးရောက်နေရင်တော့ ဆက်သွယ်လို့မရဘူးပေါ့။ အဆက်အသွယ်ရတာနဲ့ ဖုန်းဆက်မယ်လို့ပြောတယ်။ မိသားစုကတော့ ပူတာပေါ့။ အမေဆို အိပ်ယာထဲလှဲနေပြီ” ဟု ခင်မွန်းဖြစ်သူက ဆက်ပြောသည်။

သတင်းထောက် မသူဇာ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်း စုံစမ်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် မသိရသေးကြောင်းသာ ပြောသည်ဟု ကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။

“ကျနော်တို့ အတွေ့အကြုံအရတော့ နောက်သုံးလေးရက်ဆို သိရမှာပါ။ စခန်းကတော့ သူတို့ မသိသေးဘူးလို့ပြောတယ်။ အင်းစိန်အကျဉ်းထောင်ကို ရောက်လာခဲ့ရင်လည်း သိရအောင် ကျနော်တို့ ဆောင်ရွက်ထားပါတယ်” ဟု အကျိုးဆောင်ရှေ့နေက ပြေသည်။

မသူဇာ၏ခင်ပွန်းမှာလည်း မသူဇာကို လာရောက်ရှာဖွေစဉ်က ဖမ်းဆီးခံခဲ့ရဖူးပြီး ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

၎င်းတို့နှစ်ဦးတွင် ၇ နှစ်အရွယ် သမီးတစ်ဦးရှိသည်။

မသူဇာသည် ၂၀၀၇ ခုနှစ်ခန့်က သတင်းလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး မော်ဒန်၊ ဧရာဝတီသတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ် လုပ်ကိုင်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် Friday Time Journal၊ MPA သတင်းဌာနနှင့် ကိုရီးယားသတင်းဌာနတို့တွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် တိမ်းရှောင်နေရသည်။

မြန်မာနိုင်ငံတဝှမ်း စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၇ ရက်နေ့အထိ ဖမ်းဆီးခံရသည့် သတင်းထောက်စုစုပေါင်း ၉၇ ဦး ရှိပြီဖြစ်သည်ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် Detained Journalists Information Myanmar ၏ စာရင်းများအရ သိရသည်။

ထိုစာရင်းအရ ပြန်လည်လွှတ်မြောက်လာသူ ၅၄ ဦးရှိပြီး အကျဉ်းထောင်များထဲတွင် ဆက်လက်ဖမ်းဆီး တရားရင်ဆိုင်နေရသူ ၄၃ ဦးရှိသည်ဟု သိရသည်။

 
 

 

 

Most read this week

August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...