NLD ဆန့်ကျင်ရေး မျိုးချစ်ဆရာတော်ဟု ထင်ရှားသူ ဦးဝီရသူ ပြန်လွတ်

NLD ဆန့်ကျင်ရေး မျိုးချစ်ဆရာတော်ဟု ထင်ရှားသူ ဦးဝီရသူ ပြန်လွတ်

စစ်အာဏာသိမ်းပြီး ၇ လအကြာတွင် စစ်ကောင်စီက ဆရာတော်ဦးဝီရသူအား အမှုရုတ်သိမ်းပေးခဲ့ပြီး စက်တင်ဘာလ ၆ ရက်နေ့ နေ့လည်က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မဘသအဖွဲ့ဝင်များက ပြောသည်။

“ဆရာတော် ပြန်လည်လွတ်မြောက်တာ အရမ်းဝမ်းသာတယ်။ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်။ တရားဟောပွဲတွေ ပြန်လုပ်နိုင်တော့မယ်” ဟု ဆရာတော်အား ထောက်ခံသူ အင်းစိန်မြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ဦးဝီရသူ ပြန်လည်လွတ်မြောက်လာမှုနှင့်ပတ်သက်၍ အချိန်ကိုက် လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး၊ နိုင်ငံရေးငြိမ်သက်မှု မရှိချိန် လူမျိုးရေး ဘာသာရေးအကြောင်းပြကာ ဆူပူမှုများ ထပ်ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ဖေါ်ပြရေးသားနေကြသည်ကိုလည်း တွေ့မြင်ရသည်။

အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသည့် ဦးဝီရသူသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည်။

“သူအကျဉ်းထောင်မှာ မရှိတာကြာပြီ။ မေလကတည်းက လက်မောင်းအကြောကပ်ရောဂါဖြစ်လို့ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသနေတာ။ ထောင်နဲ့ အဆက်ပြတ်နေတာမို့ လွတ်လား မလွတ်လားဆိုတာကို ဌာနကွပ်ကဲမှုအောက်မှာမရှိလို့ တိတိကျကျတော့မသိဘူး” ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောသည်။

ဆရာတော် ဦးဝီရသူသည် ယခင်အရပ်သားအစိုးရလက်ထက် ဟောပြောပွဲတစ်ခု၌ နိုင်ငံတော်အကြီးအကဲများအပေါ် မဖွယ်မရာစကားလုံးများ သုံးနှုန်းပြောဆိုခြင်းနှင့် နိုင်ငံတော်တရားရေးနှင့် အုပ်ချုပ်ရေး စသည့် ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုမှုကြောင့် အရေးယူခြင်းခံရသည်။

အနောက်ပိုင်းခရိုင် ဒု-အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းမှ တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုရန် ၂၀၁၉ မေလ ၂၈ ရက်နေ့တွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူသည် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ၁၇ လကြာ ပုန်းရှောင်နေရာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့သည်။

ဖမ်းဝရမ်းထုတ် အရေးယူဆောင်ရွက်မှုကြောင့် ကရင်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ၁၇ လအကြာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာလ ၂ ရက်နေ့တွင် လာရောက်အဖမ်းခံခဲ့သဖြင့် အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဦးဝီရသူအား ဆက်လက်ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

အခြားစစ်တပ်ထောက်ခံသူ အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝီရသူမှာ အစိုးရမှ တရားစွဲဆိုထားခြင်းဖြစ်သဖြင့် ရန်ကုန်တိုင်း ဒေသကြီးမှ အမှု ပြန်လည်ရုတ်သိမ်းရန် ကြံ့ကြာနေခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...