စစ်ကောင်စီတပ်များ ဘိုးဘွားရိပ်သာ ဝင်ရောက်စီးနင်း

စစ်ကောင်စီတပ်များ ဘိုးဘွားရိပ်သာ ဝင်ရောက်စီးနင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဘိုးဘွားရိပ်သာကို စစ်ကောင်စီတပ်များက အင်အားသုံး ဝင်ရောက်စီးနင်းပြီး ရံပုံငွေနှင့် မှတ်တမ်းများ စစ်ဆေးသွားသည်ဟု မြို့ခံများက ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲအင်အား အလုံးအရင်းဖြင့် လယ်တီရပ်ကွက် အောင်ချမ်းသာကျောင်းလမ်းရှိ၊ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာကို ဝင်ရောက်စီးနင်းကာ နေရာအနှံ့ရှာဖွေပြီး ရိပ်သာ၏ ရံပုံငွေစာရင်းနှင့် လှူဒါန်းမှုမှတ်တမ်းများကို စစ်ဆေးသွားခြင်းဖြစ်သည်ဟု မြိုခံများက ပြောသည်။

"လျှပ်တပျက်ဝင်လာပြီး အခန်းအားလုံးကို မွှေနှောက်ရှာကြတယ်။ ဘာရှာတယ်မသိရဘူး ရံပုံငွေစာရင်းကို စစ်သွားတယ်။ အဘိုးတို့ အဘွားတို့က အရမ်းကြောက်နေတာ တချို့ ငိုကြရှာတယ်" ဟု ဘိုးဘွားရိပ်သာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းရိပ်သာကို စတင်တည်ထောင်ခဲ့သော မသင်းရွှေစင်လှိုင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူဖြစ်ပြီး ၎င်းပြန်ရောက်နေသည်အထင်ဖြင့် ဝင်ရောက်ရှာဖွေခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချို့က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်တုန်းကလည်း ယင်းဘိုးဘွားရိပ်သာကို စစ်ကောင်စီက အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး မသင်းရွှေစင်လှိုင်ကို ဖမ်းဆီးရန်ကြိုးစားသော်လည်း ဖမ်းမိခြင်းမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

"ဘယ်သူ့ကိုရှာရှာ ဘာကိုရှာရှာပေါ့ ဒါက ဘိုးဘွားရိပ်သာပါ။ စစ်မြေပြင်မဟုတ်ဘူး။ အကြမ်းဖက် စီးနင်းဝင်ရောက်တာ မလုပ်သင့်ဘူး။ သေနတ်တွေတရမ်းရမ်းချိန်ပြီး အုန်းအုန်းရုန်းရုန်းနဲ့ ဘိုးဘွားတွေ အထိတ်တလန့်ဖြစ်ရတယ်" ဟု ဟင်္သာတမြို့ခံ မန်းထွန်းဝင်းက ပြောသည်။

ယင်းကိစ္စနှင့်ပါတ်သက်၍ ဟင်္သတမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ မြို့နယ်ရဲတပ်ဖွဲ့က မည်သည့်အတွက် ဝင်ရောက်ရှာဖွေရခြင်းဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွာရိပ်သာကို ၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့က ခိုကိုးရာမဲ့ အဘိုးအဘွား ၁၀၀ ခန့်ကို စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် စောင့်ရှောက်ပေးနေသည့် ဘိုးဘွားရိပ်သာဖြစ်ကြောင်း မြို့ခံများက ပြောသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...