ပုလောတွင် တံငါသည်နှစ်ဦး ဖမ်းခံရ

ပုလောတွင် တံငါသည်နှစ်ဦး ဖမ်းခံရ

တင်္နလာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ငါးဖမ်းပြီးပြန်လာသည့် ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၅ နာရီအချိန်ခန့်က ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာက လမ်းမပေါ်တွင် ချောင်းအတွင်း ငါးဖမ်းရာမှ ပြန်လာသူနှစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ပဝတ်ကုန်းကျေးရွာတွင်နေထိုင်သည့် ဦးကျော်အေး ၅၅ နှစ်နှင့် ကိုကျော်သူ ၂၂ နှစ်တို့ဖြစ်သည်ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့လည်ပိုင်းတွင် ကျေးရွာမှ ပြန်လည်ထွက်ခွာသွားသော်လည်း ဖမ်းဆီးထားသည့်သူ နှစ်ဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို မသိရှိရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းနေထိုင်သည့် ဦးမြင့်နိုင် ၄၇ နှစ်အား PDF တပ်ဖွဲ့များနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်းရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။

ဦးမြင့်နိုင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးချိန်တွင် အိမ်ပေါ်မှ ခုန်ချထွက်ပြေးခဲ့ရာ စစ်ကောင်စီဘက်က သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သည့်အတွက် လက်မောင်းကျည်ထိဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု အဆိုပါရွာသားက ပြောသည်။

ယနေ့စက်တင်ဘာ ၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံထားရသူနှစ်ဦးသည် PDF အဖွဲ့များနှင့် ပတ်သက်မှုမရှိပဲ အနေအေးဆေးကာ ကျေးရွာအတွင်းရိုးသားစွာ နေထိုင်ကြသူများဖြစ်သည်ဟု ပဝတ်ကုန်းကျေးရွာသားများက ပြောသည်။

ယနေ့ကျေးရွာအတွင်း လာရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ပလောက်မြို့ ခလရ-၂၈၅ တပ်ရင်းကဖြစ်ပြီး ပါလာသူများအထဲတွင် ပုလောမြို့က စရဖနှစ်ဦးလည်း ပါဝင်သည်ဟု မျက်မြင်များက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ရွာသားများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည့်အတွက် လူငယ်များက စိုးရိမ်ထိတ်လန့်ကာ ကျေးရွာမှ ရှောင်တိမ်းနေကြရသည်ဟု ပဝတ်ကုန်းကျေးရွာက အသက် ၅၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာတွင် သြဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်ကလည်း ဗုံးသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်တစ်လုံးနှင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပဝတ်ကုန်းကျေးရွာသည် ပုလောမြို့အနီး ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိကာ ရော်ဘာနှင့် ဥယျဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်လျက်ရှိသည့် ကျေးရွာဖြစ်သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...