နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ တစ်‌ထောင်ကျော်သွားပြီ

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ တစ်‌ထောင်ကျော်သွားပြီ

စစ်အာဏာသိမ်းပြီး ၇ လတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး (နွေဦးတော်လှန်ရေး) လှုပ်ရှားမှုအတွင်း ကျဆုံးသွားသူ ၁၀၀၀ ကျော်သွားပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း AAPP က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ တစ်ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ၇ လတာ ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင် ရေး (နွေဦးတော်လှန်ရေး) အတွင်း ကျဆုံးသွားသူ ၁၀၄၁ ရှိပြီဟု AAPP က ထုတ်ပြန်ထားသည်။

AAPP ၏ ထုတ်ပြန်ချက်အရ ဩဂုတ်လတစ်လအတွင်း ကျဆုံးသူမှာ ၆၁ ဦးရှိပြီး ကချင်၊ ချင်း၊ ရှမ်းနှင့် မွန်ပြည်နယ်တို့အပြင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းက အရပ်သားပြည်သူများနှင့် တက်ကြွလှုပ်ရှားသူအချို့လည်းပါဝင်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသအတွင်း စစ်ကောင်စီတပ်များနှင့် ကိုးကန့် MNDAA တို့အကြားက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားဝင် ၄ ဦး ဩဂုတ်လ ၂၉ ရက်နေ့က သေဆုံးသွားခဲ့သည်။

“သူတို့က မပြေးပဲ ကျန်ခဲ့တဲ့လူတွေပါ။ မုံးကိုး ဖောင်းဆိုင်ဘက် ဒီစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျပြီး သေသွားတာ။ ညီနောင်ပလောင်မိသားစုပေါ့။ ရွာသားတွေပဲ တိုက်ပွဲသံနည်းနည်းရပ်သွားတဲ့အခါ အဲ့ဒီညနေမှာပဲ သွားသဂြိုလ်ပေးလိုက်ရတာ။ ဘယ်သူမှလည်း ဘာမှ တာဝန်မယူပေးပါဘူး” ဟု မုံးကိုးဒေသခံတစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

ထို့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင်လည်း ခလရ ၅၈ တပ်ရင်းက ပစ်ခတ်မှုကြောင့် ဩဂုတ်လအတွင်း ဒေသခံနှစ်ဦး သေဆုံးခဲ့ရသည်။

ဩဂုတ်လ ၂၇ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာက ဦးခေါဇုန်းနှင့် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ဝိုင်းမော်စျေးမှပြန်လာသည့် ဝူယန်ငေါ့ချန်းရပ်ကွက်က အသက် ၃၃ နှစ်အရွယ် ဒေါ်ဆောင်ပြုံးတို့သည် ခလရ ၅၈ တပ်ရင်းက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ ကြရသည်။

ဩဂုတ်လ ၂၇ ရက်နေ့က ဖြစ်စဉ်နှင့်ပတ်သက်၍ မဒိန်ကျေးရွာက ရပ်မိ/ရပ်ဖတစ်ဦးက “သေသွားတဲ့လူက မဒိန် ရွာကပဲလေ။ ခေါဇုန်းဟုတ်တယ်။ ဝိုင်းမော်၊ ခါဒိုင်၊ ဗေသေလ၊ မဒိန်၊ ခကွမ်၊ နောင်းချိန်းဘက်မှာ အလုပ်လုပ် သွားတဲ့လမ်းမှာ ၅၈ တပ်ရင်းဘေးကနေ ဖြတ်သွားရင်း အဲ့ဒီမှာ ညတောင်ယာက ပြန်လာတဲ့အချိန်မှ ပစ်ခံလိုက်ရတာလို့ ပြောတယ်။ သိတာတောင်မှ ဒီနေ့မှ သိတာ။ မနေ့ညကတော့ လက်နက်ကြီးသံမကြားရဘူး၊ သေနတ်ပဲ ကြားတာဆိုတော့ သေနတ်မှန်တာပဲဖြစ်မှာပါ” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် AAPP က ထုတ်ပြန်ထားသည့် သေဆုံးသူ ၁၀၄၁ ဦးက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့် အရပ်သားပြည်သူများ၊ NLD အစိုးရလက်ထက်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ NLD ပါတီဝင်များ ပါဝင်သည်။

ထိုစာရင်းမှာ စစ်အာရှင်ဆန့်ကျင်ဆန္ဒပြပွဲများအတွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် သေဆုံးသွားရသူများ၊ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း သေဆုံးသွားသူများ၊ အကျဉ်းထောင်များထဲတွင် သေဆုံးသူများ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များ၏ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ်မခွဲခြားပဲ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးသွားသည့် ပြည်သူများ၏ စာရင်းများဖြစ်သည်။

ယခုအရေအတွက်သည် AAPP က ကောက်ယူရရှိထားသည့် အရေအတွက်သာဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်သည်ဟု AAPP က ဆိုသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...