ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ကောင်စီတပ်များ ပစ်သတ်

ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ကောင်စီတပ်များ ပစ်သတ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာ ၁ ရက်နေ့ (ယမန်နေ့) ည ၁၀ နာရီအချိန်ခန့်က ပေါင်မြို့နယ် သဲအိမ်ကျေးရွာနေ လင်မယားနှစ်ယောက်ဖြစ်သည့် မင်းနေလွင်နှင့် နော်အိသွယ်မိုးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရမှုကြောင့် ကိုယ်ဝန်လွယ်ထားရသည့် နော်အိသွယ်မိုးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားပြီး ခင်ပွန်းဖြစ်သူ မင်းနေလွင်ကတော့ ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတွင် တက်ရောက်ဆေးကုသခံနေရသည်ဟု သဲအိမ်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

“သူတို့မှာ ၄ နှစ်အရွယ်ကလေးတစ်ဦးလည်းရှိတယ်၊ ၁၀ ချက်လောက် အပစ်ခံရတယ်လို့ပြောတယ်၊ အမျိုးသမီးကတော့ ကိုယ်ဝန်နဲ့ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ယောကျာ်ဖြစ်သူကတော့ ဒဏ်ရာရတယ် ဆေးရုံမှာ ဆေးကုနေရတယ်လို့သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ငါးသွားရှာသည့် ခင်ပွန်းဖြစ်သူ မင်းနေလွင် ပြန်အလာ ဇနီးဖြစ်သူ နော်အိသွယ်မိုးက နေအိမ်အရှေ့ထွက်စောင့်နေရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သဲအိမ်ကျေးရွာက ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကိုယ်ဝန်သည် နော်အိသွယ်မိုးနှင့် ဒဏ်ရာရရှိထားသည့် မင်းနေလွင်တို့တွင် ၄ နှစ်အရွယ် ကလေးတစ်ဦးလည်းရှိနေသည်ဟု သိရသည်။

စစ်တပ်အာဏာကသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်မှုများရှိနေသည့်အပြင် ယခုကဲ့သို့ ညပိုင်းတွင် သွားလာနေသည့် အပြစ်မဲ့ ပြည်သူများကိုလည်း ပစ်သတ်မှုများ ရှိလာခဲ့သည်။

ပြီးခဲ့သည့် ဇွန်လခန့်ကလည်း မော်လမြိုင်မြို့ပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဖေဖော်ဝါရီလ တစ်ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ၇ လတာကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး (နွေဦးတော်လှန်ရေး) အတွင်း ကျဆုံးသွားသူ ၁၀၄၁ ရှိပြီဟု AAPP က ထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...