မုံးကိုး-ဖောင်းဆိုင်ဒေသ စစ်ကောင်စီတပ်မှ လက်နက်ကြီးကြောင့် မိသားစုလေးဦး သေဆုံး

မုံးကိုး-ဖောင်းဆိုင်ဒေသ စစ်ကောင်စီတပ်မှ လက်နက်ကြီးကြောင့် မိသားစုလေးဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ မန်ခွမ်ရွာအနီး စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိရာ နေအိမ်တစ်ခုထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦးအပါဝင် မိသားစုဝင်လေးဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့ကတည်းက နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နမ့်ဟာရွာခံလေးဦး ထိမှန်ပြီး သေဆုံးသွားရခြင်းဖြစ်သည်ဟု မုံးကိုးဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်နဲ့ ကိုးကန့်နဲ့ဟုတ်တယ် တိုက်ပွဲဖြစ်နေတာ။ ၂၈ ရက်နေ့မှာဖြစ်တယ်။ ၂၉ ရက်နေ့က တိုက်ပွဲကမဖြစ်ဘူး။ ဒါပမယ့် သူတို့ အရမ်းရှုံးထားတော့ လျှောက်ပြီးမှ ပစ်လိုက်တာ။ အဲ့ဒါ နမ့်ဟာက ညီနောင်ပလောင် မိသားစုပေါ့ ထိသွားတာ။ ကလေးလည်းပါတယ်။ အားလုံး လေးယောက်နော်။ အသက်ကြီးတာ နှစ်ယောက်ပေါ့။ ဘယ်ကနေပစ်နေတာလည်းဆိုရင် ဒီမုံးကိုး၊ ဖောင်းဆိုင်စခန်းဘက်နေ ပစ်လိုက်တာ” ဟု ပြောသည်။

သေဆုံးသွားသူများကို ဩဂုတ်လ ၂၉ ရက်နေ့ ညနေမှာပဲ သဂြိုလ်လိုက်ပြီဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က မုံးကိုး၊ ဖောင်းဆိုင်ဘက်မှ ပြည်သူများနေထိုင်သည့် ကျေးရွာများထဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ရာ နမ့်ဟာကျေးရွာထဲ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လူသေဆုံးသည်အထိ ဖြစ်သွားရခြင်းဖြစ်သည်ဟု ပြောသည်။

“ဒီနမ့်ဟာက အခု လက်နက်ကြီးတွေနဲ့ပစ်နေတဲ့ မုံးကိုး၊ ဖောင်းဆိုင် အဲ့ဒီကြားမှာရှိတာ။ တိုက်ပွဲဖြစ်တာက မန်ခွမ်မှာဖြစ်တာ။ လက်နက်ကြီးပစ်ခံရတာက နမ့်ဟာကိုပစ်တာ။ အသံတွေဆို အကျယ်ကြီးပဲ။ ကျနော်တို့လည်း အိမ်မပြန်တာကြာပြီ။ မနက်ဆိုတောင်ယာသွားတယ်။ ညဆို ဒီနယ်စပ်ကတဲမှာပဲ ပြန်အိပ်တာ။ အိမ်မှာမနေရဲဘူး။ ခနခန အသံတွေမြည်တယ်လေနော်။ အခု နမ့်ဟာရွာက ကျနော်တို့ညီနောင် ပလောင်တွေရဲ့ ရွာဟုတ်တယ်” ဟု မုံးကိုးဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်နေမှုများကြောင့် နမ့်ဟာကျေးရွာက ရွာသားများ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ကစတင်ပြီး စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

နမ့်ဟာကျေးရွာက ဒေသခံပြည်သူများ ထိုသို့ စစ်ဘေးတိမ်းရှောင်နေကြသော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့်မိသားစုက ထွက်မပြေးပဲ ကျန်နေခဲ့ရာမှ ယခုကဲ့သို့ ဖြစ်သွားရခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တပ်တို့အကြားက တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ၂ ဦးအပါအဝင် ခြေမြန်တပ်ရင်းတစ်ခုလုံးနီးပါး အထိနာသွားခဲ့ရသည်ဟု ဒေသခံများနှင့် ဒေသတွင်းသတင်းမီဒီယာများက ပြောသည်။

“အထူးဒေသ (၁) မုံးကိုးခရိုင်ဒေသတစ်ဝိုက်ရှိ စစ်ကောင်စီတပ် တပ်ရင်း (၂၃၀) ကို MNDAA မှ ပြင်းပြင်းထန်ထန် အထိနာအောင် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် စစ်ကောင်စီတပ်ရင်း (၂၃၀) အပါအဝင် လူအင်အား (၁၃၀) ခန့်သည် MNDAA တပ်စခန်းကို ထပ်မံထိုးစစ်ဆင်ရန် ချီတက်လာပါသည်။ တစ်နေ့တာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ MNDAA အနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ စစ်သုံးပစ္စည်းတစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့သည်” ဟု ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ဩဂုတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက် ထပ်မံထိုးစစ်ဆင်ခဲ့သည့် မုံးကိုးမြို့နယ်အတွင်း တိုက်ပွဲ နှစ်နာရီကျော်ခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများရှိနေသည့်အပြင် ရွာခံအများစုလည်း စစ်ဘေးလွှတ်ရာ ထွက်ပြေးနေကြသည်။

စစ်ရေးပစ်မှတ်မခွဲခြားပဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေခြင်း၊ ကျေးရွာများထဲ ပစ်ခတ်နေခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည်ဟု ဂျီနီဗာသဘောတူညီချက်တွင် ပြဌာန်းထားသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...