မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု (DGWCF) က ဗိုလ်မှူးဟောင်းနှစ်ဦးပါဝင်သော ဒလန်စာရင်းကို ထုတ်ပြန်လိုက်သည်။
ဗိုလ်မှူးဟောင်းများဖြစ်ကြသော ဟင်္သာတမြို့ ကရုဏာလုလင်အသင်း၏ ဥက္ကဌ ဦးအောင်မြင့်ဦးနှင့် ပုသိမ်မြို့က ကန်သာယာ အပန်းဖြေပန်းဥယျာဉ် Royal Lake လုပ်ငန်းရှင် ဦးအောင်အောင်၏ အမည်တို့ကို (DGWCF) က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒလန်ဟု ရေးသား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဟင်္သာတမြို့က ဗိုလ်မှူးဟောင်း ဦးအောင်မြင့်ဦးသည် အာဏာသိမ်းပြီးချိန်မှစ၍ လုပ်ရပ်များမှာ သိသာလာကြောင်း ဟင်္သာတဆေးရုံထဲသို့ ရဲနှင့် စစ်သားများကို ခေါ်သွင်းခဲ့ကြောင်းနှင့် ဆန္ဒပြသူများနှင့်ပတ်သက်၍လည်း စစ်ကောင်စီသို့ ၎င်းက သတင်းပို့သဖြင့် အဖမ်းခံရသူများရှိကြောင်း ဒေသခံအချို့ ပြောသည်။
ထို့အပြင် ၎င်းသည် ပရဟိတနှင့် ဘာသာရေးမျက်နှာဖုံးစွပ်ထားသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
"ပရဟိတလုပ်နေတယ်ဆိုတော့ လူတွေက အနည်းအကျဉ်း လေးစားတာမျိုးရှိတယ်။ သူက ဒလန်မဟုတ်ဘူးလို့တော့ ငြင်းချက်ထုတ်တယ်။ ဒါပေမယ့် အများစုကတော့ သူကို ဒလန်လို့ စွပ်စွဲကြတယ်" ဟု ဟင်္သာတမြို့ခံ မန်းဝင်းထွန်းက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပုသိမ်မြို့ ဗိုလ်မှုးဟောင်း ဦးအောင်အောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ကျနော်လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းကိုက အများပြည်သူ ကြည်ဖြူကျေနပ်မှ ရပ်တည်လို့ရတာ၊ အောင်မြင်ဖို့ဆိုတာ ဖြစ်နေတာတော့ ကျနော့် ဉာဏ်ရည်အရ သုံးသပ်နိုင်သူပါ။ ROYAL LAKE ဆိုတာ မည်သူမဆို လာနိုင်ကြရတဲ့နေရာပါ” ဟု ရေးသားငြင်းဆိုထားသည်။
ဗိုလ်မှုးဟောင်း ဦးအောင်အောင်သည် ၂၀၁၀ မှ ၂၀၂၀ ခုနှစ်အတွင်း အစိုးရနှစ်ဆက်တွင် စက်တော်ရာ ဘိုးဘွားရိပ်သာ ဥက္ကဋ္ဌ၊ ပုသိမ် ဘောလုံး ကလပ်အသင်း နာယကနှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဒေသဖွံ့ရေးကို လုပ်ခဲ့သူသာဖြစ်သည်ဟုလည်း ဒေသခံအချို့ ဆိုသည်။
သူသည် အစိုးရနှစ်ဆက်တွင် တာဝန်ယူခဲ့ကြသည့် ဝန်ကြီးချုပ်အပြင် အစိုးရအဖွဲ့ဝင်များ၊ စစ်တိုင်းမှူးများနှင့် နီးစပ်ခဲ့သူဖြစ်သည်ဟု ပုသိမ်မြို့က မြို့မိမြို့ဖအချို့နှင့် ဒေသခံအချို့က ဆိုသည်။
“ရဲသတင်းပေး၊ တပ်ထောက်လှန်းရေး သတင်းပေးဆိုတဲ့အဆင့် မိမိအတွက်တော့ ရောက်သွားစရာမလိုပါဘူး လေ့လာထားသူဆို သတင်းပေး ဒလံဆိုတဲ့ သူတွေရဲ့အဆင့်ကို သိကြပါတယ်။ သတင်းတွေပေးမှ ဒလံလုပ်မှ နေရာရပြီး ရပ်တည်နေရမယ့်သူလည်းမဟုတ်ဘူး။ အခုလို ခေတ်အခါကြီးမှာ ပိုတောင်မလုပ်သေးပါ နောင်လည်း လုပ်စရာအကြောင်းကိုမရှိတာပါ" ဟု ဗိုလ်မှူးဟောင်း ဦးအောင်အောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဆက်လက်ရေးသားထားသည်။
ဗိုလ်မှူးဟောင်း ဦးအောင်အောင်အား ဒလန်အမည်စာရင်းတွင် ထုတ်ပြန်ခဲ့သော်လည်း ဗိုလ်မှူးဟောင်း ဦးအောင်မြင့်ဦးကိုမူ ဒလန် အမည်စာရင်း ထုတ်ပြန်ပြီး ၃ ရက်အကြာ သြဂုတ်လ ၂၇ ရက်နေ့က လက်ရေးဖြင့် ရေးထားသော သတိပေးစာနှင့် ကျည်ဆံတို့ကို ပေးပို့လိုက်ကြောင်း မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF) ၏ ထုတ်ပြန်ချက်အရ သိရသည်။







