လိုင်ဇာတွင် COVID-19 ကန့်သတ်ချက်များ ဖြေလျော့

လိုင်ဇာတွင် COVID-19 ကန့်သတ်ချက်များ ဖြေလျော့
ဓါတ်ပုံ - The Kachin Net
ဓါတ်ပုံ - The Kachin Net

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အတွင်း COVID-19 ရောဂါ ကူးစက်မှုများကြောင့် ချမှတ်ထားသည့် ပိတ်ဆို့ကန့်သတ်မှုများကို ရုတ်သိမ်းလိုက်ပြီဟု KIO ဗဟို COVID-19 ရောဂါကာကွယ်ရေးကော်မတီက ထုတ်ပြန်လိုက်သည်။

လိုင်ဇာမြို့အတွင်းနှင့် အနီးဝန်းကျင်ရှိ ဂျေယန့်၊ ဖုန်လုံယန်၊ ဒွမ်ဘုန်စစ်ရှောင်စခန်းများကို ပိတ်ဆို့ထားရာမှ ဩဂုတ်လ ၂၆ ရက်နေ့တွင် ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု KIO ၏ COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။

“လိုင်ဇာမြို့တွင်းရယ်၊ နောက်ပြီးတော့ ဒီ IDPs Camp တွေမှာ Lockdown ဖြေတာပါ။ ဒီ Lockdown ဖြေရင်လည်း ဒီလိုင်ဇာ အဝင်/အထွက် မုန်လိုင်ချောင်းတံတားမှာ စစ်ဆေးရေးဂိတ်တွေ ပြန်ပြီးတော့ချထားဖို့ အစီအစဉ်ရှိတယ်။ သွားလာတဲ့လူတွေကို ကိုဗစ်နဲ့ပတ်သက်ပြီး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြန်ကြပ်မတ်ဖို့အတွက် အစီအစဉ်ရှိတယ်” ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာရှိပြည်သူများနှင့် အနီးပတ်ဝန်းကျင်က စစ်ရှောင်စခန်းနေပြည်သူများအား KIO ကျန်းမာရေးဌာနက ဦးဆောင်ပြီး Swab test သုံးကြိမ်စစ်ပြီး all negative ဖြစ်သည့်နောက်တွင် ယခုကဲ့သို့ Lockdown သတ်မှတ်ချက်ကို ဖြေလျှော့ပေးခြင်းဖြစ်သည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

သို့သော်လည်း လိုင်ဇာမြို့အတွင်းသို့ ဝင်လာကြမည့် ပြည်သူများအနေဖြင့် သတ်မှတ်ထားသည့် နေရာများတွင် Quarantine (သီးခြားခွဲနေ) ရမည်ဖြည်သည်ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။

“နောက်ပြီး အခုက ကျနော်တို့ လိုင်ဇာက ပြည်သူလူထုတွေ မြို့တွင်းက လူထုတွေဝင်လာလို့ရှိရင် မိုင်ဆတ်ပါမှာ Quarantine ဝင်ရမှာဖြစ်တယ်။ ပြီးတော့ မိုင်ဂျာယန်က လာမယ့်လူဆိုရင်လည်း ဒွန်ဘုန်မှာ ၂၁ ရက်နေရမှာဖြစ်တယ်။ Quarantine ဝင်ရမယ့်နေရာတွေ တည်ဆောက်ဖို့လည်းရှိတယ်။ ခါတိုင်းသတ်မှတ်ထားတဲ့ စည်းကမ်းတွေကတော့ မဖြေလျှော့ဘူး။”

လိုင်ဇာမြို့အတွင်းနှင့် အနီးဝန်းကျင်ရှိ ဂျေယန့်၊ ဖုန်လုံယန်၊ ဒွမ်ဘုန်စစ်ရှောင်စခန်းများကို Lockdown သတ်မှတ်ချက်များ ဖြေလျှော့လိုက်သော်လည်း COVID-19 နှင့် ပတ်သက်သည့် အခြားစည်းကမ်းများကို ပြည်သူများအနေဖြင့် ဆက်လက်လိုက်နာရမည်ဟု KIO ဗဟို COVID-19 ရောဂါကာကွယ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ပြည်သူများအဖြေင့် လူစုလူဝေးမပြုလုပ်ရန်၊ သတ်မှတ်ထားသည့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာရန်၊ မျက်နှာစည်း Mask မတပ်ဘဲ သွားလာခြင်းမပြုလုပ်ရန်၊ စားသောက်ဆိုင်များအတွင်း စားသောက်ခြင်းမပြုလုပ်ရန်၊ ထုပ်ပိုးခြင်း Parcel စနစ်ဖြင့်သာ ဝယ်ယူသွားကြရန်နှင့် ဈေးသည်များအားလုံးအနေဖြင့်လည်း မျက်နှာစည်း Mask တပ်ရမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် လိုအပ်မှုရှိလာပါလည်း လိုအပ်သလို ရပ်ကွက်၊ ကျေးရွာ အုပ်စုများအတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် swab စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် ဂျေယန့်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးထံမှ COVID-19 ပိုးတွေ့ရှိခဲ့ရာမှ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ Lockdown စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ လိုင်ဇာမြို့အတွင်း COVID-19 ရောဂါအတည်ပြုလူနာ ၅၉ ဦးရှိခဲ့ပြီး အသက် ၄၀ ကျော် COVID-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...