မြန်မာနိုင်ငံသတင်းသမားများကွန်ယက်ဖက်ဒရေးရှင်း(ယာယီ) ဖွဲ့စည်း

မြန်မာနိုင်ငံသတင်းသမားများကွန်ယက်ဖက်ဒရေးရှင်း(ယာယီ) ဖွဲ့စည်း
by -
မွန်သတင်းအေဂျင်စီ
သတင်းလွတ်လပ်ခွင့် သတင်းသမားများကာကွယ်ရေးအတွက် ဆောင်ရွက်နေကြသော မြန်မာနိုင်ငံဒေသအသီးသီးမှ သတင်းသမားများကွန်ယက် အနေဖြင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေတွင် မေလနောက်ဆုံးပတ်၌ နှစ်ရက်တာ နှီးနှောဖလှယ်ပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသတင်းသမားများကွန်ရက်ဖက်ဒရေးရှင်း(ယာယီ) ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုသို့ဖွဲ့စည်းရာတွင် ကနဦးအနေဖြင့် တက်ရောက်လာသော သတင်းသမားများကွန်ယက်များအပြင် တစ်နိုင်ငံလုံးအတိုင်းအတာ အားလုံးပါဝင်သော ဖက်ဒရေးရှင်းဖြစ်လာစေရန်နှင့် ပိုမိုစနစ်ကျသော ပလက်ဖောင်းတစ်ခုဖြစ်လာစေရန် FMJN Federation of Myanmar Journalists Networkဖွဲ့စည်းရေးလုပ်ငန်းကော်မတီကို လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးခဲ့ပြီး ဥက္ကဌ အဖြစ် မြန်မာနိုင်ငံအမျိုးသမီးသတင်းသမားများအဖွဲ့ MWJS  က ရွေးချယ်ခံရသည်။

မြန်မာနိုင်ငံ အမျိုးသမီးသတင်းသမားများအဖွဲ့ (MWJS) မှ မအလှလေးသူဇာက “ အမျိုးသမီးတွေ နေရာပေးဖို့ရယ်၊ အမျိုးသမီးတွေ လုပ်ပိုင်ခွင့်ဘယ်လောက်ရှိလဲ၊ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေ တောင်းဆိုနေတဲ့အချိန်မှာ ကျမတို့ကို အခုလို ခေါင်းဆောင်နေရာပေးတာ အရမ်းဝမ်းသာတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသတင်းသမားများကွန်ယက်ဖက်ဒရေးရှင်းကို ယာယီဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖွဲ့စည်းပုံရေးဆွဲခြင်း၊ မီဒီယာဥပဒေဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ကော်မတီများဖွဲ့စည်းခြင်း၊ ရန်ပုံငွေရှာဖွေခြင်း စသည့်ကဏ္ဍများတွင် ဦးဆောင်အဖွဲ့များက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၆လ ပြည့်ပါက ရွေးကောက်ပွဲဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အတွင်းရေးမှူး (၁) အဖြစ် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် (SMJN)၊ အတွင်းရေးမှူး (၂) အဖြစ် မြန်မာသတင်းသမားများကွန်ရက် (ဧရာဝတီတိုင်း)၊  အလုပ်အမှုအဆောင်အဖြစ် Myaylatt Journalist Network၊ Chin Media Network၊ Myanmar Journalist Network၊Myanmar Media Lawyers’ Network၊ Southern Shan State Media Network၊ Thaungyi  Journalist Association ၊ Myanmar Journalist Network (Monywa)၊ Myanmar Journalist Network (Magway) တို့ဖြင့် ယာယီအလုပ်မှုဆောင်အဖွဲ့ ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းမီဒီယာကွန်ရက် (Southern Shan State Media Network) မှ ဦးဂျူမုံက“ ဒီနှစ်ရက်တာ နှီးနှေးဖလှယ်ပွဲမှာ အမျိုးသမီးတွေ တက်တက်ကြွကြွနဲ့ ပါဝင်ဆွေးနွေးတာ တွေ့ရတယ်၊ ပြီးတော့ အခုလို အမျိုးသမီးသတင်းသမားအဖွဲ့တွေ  ဥက္ကဌ နေရာရွေးချယ်ခံရတာလည်း ကျနော်တို့ ကြိုဆိုပါတယ်၊ နေရာတော်တော်များများမှာ အမျိုးသားတွေ ဦးဆောင်တယ်၊ အမျိုးသမီးတွေကိုလည်း နေရာပေးချင်တယ်” ဟု ပြောသည်။

၄င်းဆွေးနွေးပွဲတွင် လက်ရှိ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်တားဆီးနေသော မီဒီယာဥပဒေများအား အမြန်ဆုံးပြင်ဆင်ရေး ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရန်၊ မြန်မာသတင်းမီဒီယာ အားကောင်းလာစေရေး ကူညီပ့ံပိုးရန်၊ သတင်းသမားကွန်ရက်များအချင်းချင်း ကူညီရိုင်းပင်းရန်၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ သတင်းသမားအဖွဲ့အစည်းများအား ညီညွတ်သော သတင်းသမားများဖက်ဒရေး ရှင်းဖြင့်စုစည်းကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ကူညီထောက်ပံ့ပေးရန်၊ သတင်းမီဒီယာလောကအတွင်း ကျားမ မတူကွဲပြားမှုအားလေးစားကာ တန်းတူပါဝင်ရေး မူဝါဒ နှင့် မသန်စွမ်းသူများဆိုင်ရာ မူဝါဒ ပေါ်ထွန်းလာရေး တွန်းအားပေး ဆောင်ရွက်ရန် စသည့်အချက်များဖြင့် ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...