ရှမ်းမြောက်တိုက်ပွဲများကြောင့် အရပ်သား ၃၀၀ ကျော် ထပ်မံထွက်ပြေး

ရှမ်းမြောက်တိုက်ပွဲများကြောင့် အရပ်သား ၃၀၀ ကျော် ထပ်မံထွက်ပြေး

SSPP/SSA၊ PSLF/TNLA ပူးပေါင်းတပ်ဖွဲ့များနှင့် RCSS/SSA တို့အကြား ကျောက်မဲမြို့နယ်ထဲတွင် တိုက်ပွဲများဖြစ်ပွားသည့်အတွက် ဒေသခံပြည်သူ ၃၀၀ ကျော် ထပ်မံစစ်ဘေးရှောင်နေကြရပြီး ၎င်းတို့အတွက် ဆေးဝါး၊ မိုးကာနှင့် အိပ်စရာအခင်းတွေ လိုအပ်နေသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသူများက ပြောသည်။



ကျောက်မဲမြို့နယ်ထဲတွင် ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ ယနေ့အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည့်အတွက် အနီးအနားကျေးရွာများက ပြည်သူများ စစ်ဘေးရှောင်နေကြရသည်ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။



“ပထမဦးဆုံးပြေးလာတာက ပန်ကွမ်ဘက်က ပြေးလာတယ်။ မနေ့ကအထိက Camp ထဲမှာ ရှိတာက ၃၀၀ လောက်အထိရှိတယ်။ တစ် Camp တစ် Camp ကို တစ်ရာ တစ်ရာနီးပါးလောက်ရှိတာပေါ့နော်။ မြို့ထဲမှာ အသိအိမ်တွေ အမျိုးအိမ်တွေ အဲ့လိုအိမ်ငှားပြီးနေတဲ့ဟာတွေ ငှားနေတဲ့ဟာတွေ အားလုံးပေါင်းက ၄၀၀ လောက်ရှိမယ်လို့ ခန့်မှန်းလို့ရတယ်။”



စစ်ရှောင်များထဲတွင် အများစုမှာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါဝင်သည်ဟု ပြောသည်။



ထိုစစ်ရှောင်များအတွက်ဆေးဝါး၊ အိပ်စရာအခင်းများနှင့် မိုးကာများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီနေသူများက ပြောသည်။



“အဓိက အခက်အခဲကတော့ စားရေးသောက်ရေး၊ ဒီမိုးတွင်းဖြစ်နေတော့ အခင်းတွေ သူတို့အိပ်နေရတဲ့ နေရာ ကလည်း သမန်တလင်းပေါ်မှာပဲ ကျနော်တွေ့လိုက်ရတယ်။ သမန်တလင်းပေါ်မှာ ဖြစ်တဲ့အတွက် အဓိက သက် ကြီး ပိုင်းတွေပေါ့။ အဓိက စစ်ရှောင်တာက အသက်ကြီးပိုင်းတွေပဲ ခပ်များများပေါ့နော် ဘိုးဘွားတွေ၊ ကလေး တွေပေါ့နော်၊ ကိုယ်ဝန်ဆောင်မိခင်တွေ သူတို့ကိုတွေ့ရတယ်။ အဓိက စောင်တွေ ခြင်ထောင်တွေ၊ အခင်းတွေ လို တာ တွေ့ရတယ်။ စားသောက်ဖို့ကတော့ အခုရက်ပိုင်းအတွင်းတော့ လှူတဲ့လူတွေရှိတယ်။ ရက်ကြာလာရင်တော့ ဘယ်လိုဖြစ်လာမဲမပြောတတ်ဘူး” ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။



ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စုထဲတွင် နှစ်ဖက်ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် စစ်ရေးတင်းမာမှုများ ယနေ့အချိန်ထိ ရှိနေသေးသည့်အတွက် ဒေသခံရွာသားအချို့က ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာကြရပြီး အများစုက နီးစပ်ရာ ကျေးရွာများတွင် ထွက်ပြေးနေကြရသည်ဟု ကျောက်မဲမြို့ စစ်ရှောင်များ သွားရောက်ကူညီပေးနေသူ တစ်ဦးကပြောသည်။



“ပထမဦးဆုံးသူတို့က မိုင်းတင်းတစ်နေရာရှိမယ်။ မိုင်းတင်းအုပ်စု နမ့်ဆော့မှာ တစ်နေရာရှိမယ်။ နောက်တစ်နေရာကတော့ ကြူရှောမြောက်ရွာ။ ပြေးလာတဲ့ရွာတွေကတော့ အဓိကတော့ ပန်ကွမ်ရွာသစ်ပေါ့နော်၊ ပန်ဖြတ်ပါမယ်။ ပန်လင်။ အများဆုံးကတော့ ပန်ကွမ်ရွာသစ်ပေါ့။ ကြူရှောမြောက်ရွာစခန်းကတော့ ပန်ဆန်က ရွာတစ်ရွာလုံးပဲ။”



လက်ရှိ ဒေသအတွင်းက ကိုဗစ်-၁၉ ရောဂါ မြှင့်တက်မှု၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ လက်နက်ကိုင်များ ကျေးရွာများထဲ ဆက်ပြီးရှိနေသေးသည့် အခြေအနေများကြောင့် စစ်ရှောင်များ လိုအပ်နေသည်များကို သွားရောက်ကူညီရန် အခက်အခဲများဖြစ်နေရသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသည့် ကျောက်မဲမြို့က ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။



ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စုထဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/ TNLA) ပူးပေါင်းတပ်တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၁၀၀၀ ကျော်ခန့်ရှိသွားပြီဟု အကူအညီပေးနေသူများ၏ စာရင်းများအရ သိရသည်။



ဓါတ်ပုံ - အိုမ်တမာဝ် လူမှုကူညီရေးအသင်း

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...