မကွေးတွင် ကိုဗစ်လူနာသေဆုံးမှု များပြားလာနေ

မကွေးတွင် ကိုဗစ်လူနာသေဆုံးမှု များပြားလာနေ

မကွေးတိုင်းဒေသကြီးအတွင်း ရာသီတုတ်ကွေးနှင့် COVID-19 ရောဂါ မကွဲပြားဖြစ်နေပြီး ကိုဗစ်အတည်ပြုလူနာသစ်များ ဆက်တိုက်တိုးလာနေသလို၊ သေဆုံးမှုများလည်း ပိုများလာသည်ဟု ဒေသခံများက ပြောသည်။

သာမာန်ရာသီတုတ်ကွေးအထင်ဖြင့် နေထိုင်မကောင်းဖြစ်ကာ ဖျားနာလာလျှင်လည်း အများစုမှ  ဆေးစစ်ကြည့်သည်က နည်းပါးနေကြောင်း၊ အရေးပေါ်အခြေအနေနှင့် သေဆုံးသွားသည့်အခါမှ ဆေးစစ်မှုများပြုလုပ်ရာ အများစုမှာ COVID-19 လူနာများဖြစ်နေသည်ကို တွေ့ရသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။

"ကိုဗစ်ရောဂါနဲ့ ရာသီတုတ်ကွေးက ခပ်ဆင်ဆင်လို့ဖြစ်နေတာ။ မစစ်လို့ မသိကြတာပေါ့။ မသိကြတာကလည်း ကျေးလက်ဒေသတွေက အခုအချိန်မှာ အလုပ်ကလည်းမရှိ။ လက်ထဲငွေကြေးကလည်းမရှိ။ ဆေးက ဝယ်ဖို့ခက်ခဲကြတော့ သစ်ရွက်သစ်ဥကို ဆေးလုပ်သောက်ရတော့ သေခါမှသေရော ကူရာမဲ့ဖြစ်ကုန်ကြတယ်" ဟု မကွေးမြို့နယ်အတွင်းက ကျေးလက်နေ ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ်လ ၁၀ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးတွင် COVID-19 ရောဂါ ထပ်မံကူးစက်မှု ၃၀၂ ဦး တိုးလာပြီး လက်ရှိတွင် အတည်ပြုလူနာပေါင်း ၁၅၄၀၆ ဦး ရှိပြီဖြစ်သည်။

သြဂုတ်လ ၁၀ ရက်နေ့က ထပ်မံသေဆုံးသူ ၂၇ ဦးရှိခဲ့ပြီး၊ သေဆုံးသူ စုစုပေါင်း ၅၉၂ ဦးရှိပြီဟု ဒေသအတွင်း လူမှုကူညီမှုအသင်းများ၏ စာရင်းများအရ သိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူ၊ စလင်း၊ မင်းဘူး၊ မကွေး၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်ကြီးနှင့် ဆင်ပေါင်ဝဲ စသည့် မြို့နယ်များအပြင် ကျေးလက်ဒေသများအထိ COVID-19 ကူးစက်မှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ကျေးလက်ဒေသများအထိ COVID-19 ရောဂါဖြင့် သေဆုံးမှုလည်း ပိုများလာသည်ဟု ဆိုသည်။

မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များထဲတွင် တစ်မြို့နှင့်တစ်မြို့ ဖြတ်သန်းသွားလာသည့်ကိစ္စများနှင့် ပတ်သက်၍လည်း အာဏာသိမ်း စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်ကာ ကန့်သတ်မှုများ လုပ်ထားသည်။

ထို့ကြောင့် ကျေးလက်ဒေသများမှ မြို့ပေါ်သို့ ဆေးတက်ဝယ်ယူရန်၊ အောက်စီဂျင်အတွက် အကူအညီတောင်းခံရန်၊ အဟာရဖြည့်စွက်စာများ ဝယ်ယူသုံးစွဲရန်နှင့် အခြားသော လူမှုကိစ္စရပ်များအပြင် စားဝတ်နေရေးခက်ခဲလာသည့်အတွက် ရွှေထည်ပစ္စည်းများ ပေါင်နှံရောင်းချရန်တို့အတွက် သွားလာနိုင်ရေး အခက်အခဲများ ဖြစ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...