ကယားပြည်နယ် (ကရင်နီပြည်နယ်) ဖရူဆိုမြို့နယ်အတွင်း ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့် KNDF တာဝန်ရှိသူက ပြောသည်။
ဩဂုတ်လ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်ကြားရှိ ကျေးရွာနှစ်ရွာက ဒေသခံ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲက ဒီးမော့ဆိုနဲ့ ဖရူဆို မြို့နှစ်မြို့ကြားမှာဖြစ်တာ။ တိုက်ပွဲကတော့ မနက် ၁၁ နာရီ ၄၀ လောက် စဖြစ်တာ။ ဆိုတော့ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေ ရမ်းသန်းပစ်တော့ ရွာသူတစ်ယောက် ပေါင်ထိတယ်။ နောက် ရွာသားအမျိုးသားတစ်ယောက်က လက်မောင်းမှာထိတယ်။ လက်နက်ကြီးထိတာပေါ့၊ ကျနော်တို့တပ်က ပစ်တာမဟုတ်ပါဘူး”
အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ပြည်သူများနေထိုင်သည့် ရွာများဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ထို့အပြင် နေအိမ်အချို့လည်း ပျက်စီးကုန်သည်ဟု ဒေသခံများက ပြောသည်။
ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့တစ်ရက်တည်းတွင် နေရာနှစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNDF တာဝန်ရှိသူက ပြောသည်။
“ဒီနေ့က သိသလောက်ဆိုရင် နှစ်နေရာဖြစ်တာဗျ။ တံတားလမ်းနားဆိုတဲ့ရွာ တစ်နေရာရယ်၊ ကျနော်တို့ ဒီဘက် နောက်ရွာတစ်ရွာရယ် ဘာခူလားမသိဘူး၊ နာမည်က အဲ့နားမှာ တစ်နေရာရယ် ဖြစ်တယ်။ နှစ်နေရာဖြစ်တာ၊ သဘောကတော့ ဒီနေ့တိုက်ပွဲဖြစ်တာ တစ်ရက်တည်းမှာ နှစ်နေရာ ခွဲဖြစ်တာ။ KA နဲ့ KNDF နဲ့ ပူးပေါင်းပြီးတော့ တိုက်တာ” ဟု ပြောသည်။
ယနေ့ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ကျဆုံးမှုအချို့ရှိပြီး KA၊ KNDF ပူးပေါင်းတပ်များအနေဖြင့် လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ အင်အားတိုးချဲ့နေမှုများနှင့်ပတ်သက်၍ “တကယ်တမ်း ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စစ်ကောင်စီက ကျနော်တို့ရဲ့ဒေသထဲကို အင်အားအလုံးအရင်းနဲ့ ဝင်လာတယ်။ မနေ့ညဆိုရင် သုံးလေးရာလောက် ဝင်လာတယ်။ တောင်ကြီးဘက်ကနေ။ နေ့တိုင်းလိုလို စစ်ကူတွေ ရိက္ခာတွေ ပို့ပို့နေကြတယ် သူတို့ကလေ။ ဆိုတော့ ဒီအနေအထားကတော့ ကျနော်တို့ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ဖို့ ရှိတယ်ဆိုတဲ့ အရိပ်အယောင်ပြလိုက်တဲ့ သဘောမျိုးပါပဲ။ ပြောရရင်တော့ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်လာမယ် အဓိပ္ပာယ်ပါပဲ။ ဒီးမော့ဆိုနဲ့ ဖရူဆိုနဲ့က အင်အားအလုံးအရင်းနဲ့ ဝင်လာတယ်လို့ သိရတယ်ဗျ” ဟု KNDF တာဝန်ရှိသူက ပြောသည်။
ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်ထဲ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့မှုများ ပြုလုပ်နေသကဲ့သို့ ဩဂုတ်လဆန်းမှ ယနေ့အချိန်ထိ ကယား (ကရင်နီ) ပြည်နယ်ထဲတွင် တိုက်ပွဲအကြိမ်ရေ ၂၀ နီးပါးခန့် ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု KNDF က ပြောသည်။
စစ်ကောင်စီတပ်ဘက်က ကယားပြည်နယ်ထဲတွင် တောက်လျှောက် စစ်အင်အားတိုးချဲ့ ဖြည့်တင်းနေသည့်အတွက် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏ ပစ်ခတ်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ဆိုသည်။







