တရုတ်-မြန်မာနယ်စပ်၊ ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်းတစ်ခုတွင် ရေကြီးရေလျှံ မြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အတွက် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး စစ်ရှောင်များ၏ နေအိမ် ၁၃ အိမ် ပျက်စီးသွားသည်ဟု စခန်းတာဝန်ရှိသူများနှင့် စစ်ရှောင်များက ပြောသည်။
တရုတ်-မြန်မာနယ်စပ်ရှိ ယခင်ဌာနချုပ် လိုင်စင်အနီးရှိ မဂါးယန်စစ်ရှောင်စခန်းတွင် ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၆ နာရီကျော်အချိန်ခန့် မိုးသည်းထန်စွာ ရွာသွန်းမှု တောင်ကျချောင်းရေကြီးပြီး နေအိမ်များပေါ်သို့ မြေပြိုကျလာသည့်နောက် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးသွားရသည်ဟု စစ်ရှောင်စခန်း အတွင်းရေးမှူး ဦးနော်ဆိုင်းက ပြောသည်။
“စခန်းတွင်းကလူ ဟုတ်တယ်။ သူတို့ အိမ်နောက်ဘက်မှာ တောင်ကုန်းဟုတ်တယ်။ အဲဒီတောင်ကုန်းကနေ တောင်ကျချောင်း မြေပြိုလာပြီး မြေကြီးတွေ၊ ရွံ့တွေရောပြီး ကျလာတာ သူတို့အိမ်မှာ ပိသွားတယ်။ တစ်ခါတည်း ရုတ်တရက်ကျလာတော့ ရှောင်ဖို့လည်း မဖြစ်နိုင်ဖြစ်သွားတယ်။ အဲဒီမှာ မြုပ်သွားတာဆိုတော့ မကယ်လိုက်နိုင်ဘူး။ ပါသွားတာက တစ်ယောက် ဟုတ်တယ်။ အမျိုးသမီး အသက်က ၃၈ နှစ်၊ အလောင်းကိုတော့ ဒီမနက် ၈ နာရီကျော်လောက်မှာ စခန်းကလူတွေ ပြန်သွားဖော်ယူတာဟုတ်တယ်။ မျှောပါသွားတာ မဟုတ်ဘူး။ အိမ်ပြိုသွားတဲ့ အထဲမှာ ရှိနေတာပါ၊ အဲဒီအိမ်က လူဦးရေ ၅ ယောက်နေတာပါ”
သေဆုံးသွားသူမှာ အသက် ၃၈ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးဖြစ်ပြီး ၎င်းတို့မိသားစု၏နေအိမ် အနောက်ဘက်ရှိ တောင်ကုန်းမှ တောင်ကျချောင်းရေကြောင့် ရုတ်တရက် မြေပြိုကျလာခြင်းပြီး နေအိမ်ပေါ်သို့ မြေကြီးနှင့် ရွှံ့များ ပိကျကာ ထွက်ပြေးချိန်မရလိုက်ဘဲ သေဆုံးသွားရခြင်းဖြစ်သည်ဟု မဂါးယန် စစ်ရှောင်စခန်း အတွင်းရေးမှူးက ပြောသည်။
မဂါးယန်စစ်ရှောင်စခန်းသည် စစ်ရှောင် အိမ်ထောင်စု ၄၂၀ နှင့် လူဦးရေစုစုပေါင်း ၂၀၀၀ ကျော်ရှိသော စခန်းတစ်ခုဖြစ်သည်။
စခန်းတွင်းရှိ နေအိမ်အချို့လည်း ပျက်စီးသွားသည့်အတွက် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ခေတ္တနေ ထိုင်နေကြရပြီး စခန်းတွင်းရှိ လမ်းမကြီးပေါ် ရေစီးဝင်မှုများကြောင့်လည်း လမ်းများပျက်စီးခြင်း၊ သောက်သုံးရေကန်များ၊ ရေပိုက်များ ပျက်စီးခြင်းနှင့် လမ်းပေါ်ရှိ မော်တော်ဆိုင်ကယ်အချို့လည်း ပျက်စီး၊ ပျောက်ဆုံးမှုများ ရှိနေသည်ဟု စစ်ရှောင်များက ပြောသည်။
“ဒီမနက်မိုးကြောင့် စခန်းထဲက လမ်းအားလုံး ရေစီးနေတာဆိုတော့ အခု ကျနော်တို့ အမြဲတမ်းခပ်သောက်နေတဲ့ ရေပိုက်တို့၊ ရေဘုံဘိုင်တို့ အားလုံးပါသွားပြီ။ ရေမြောင်းတို့ ရေကန်တို့လည်း ပြိုလာတယ်။ မြေတွေပိသွားပြီဆိုတော့ ရေလည်း အတော်ကို ခက်ခဲလာတဲ့အခြေအနေတော့ ဟုတ်တယ်။ အိမ်လုံးဝပျက်သွားတာက ၈ လုံးနော်။ တခြားအိမ်တွေရောဆိုရင် ၁၃ လုံးပေါ့။ နေလို့မရတော့ဘူး” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
မဂါးယန် စစ်ရှောင်စခန်းအနီးတဝိုက်တွင် မိုးရွာသွန်းနေသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်ပြီး ယနေ့အချိန်ထိလည်း မိုးလေဝသအခြေအနေမှာ စိတ်ချရသည့် အနေအထားမရှိသေးသည့်အတွက် စစ်ရှောင်များက တောင်ကျချောင်းရေများ ထပ်မံကျလာမည်ကို စိုးရိမ်နေကြသည်။
ယခုနှစ် တောင်ကျချောင်းရေကြီးမူ၊ မြေပြိုမှုသည် စစ်ပြေးလာသည့် ၁၀ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု စခန်းပြည်သူများက ပြောသည်။
မဂါးယန်စစ်ရှောင်စခန်းမှ စစ်ရှောင်များအနေဖြင့် လတ်တလော COVID-19 ရောဂါ ကာကွယ်ရေး စည်းကမ်းချက်အရ Lockdown ချထားသည့် အခြေအနေများကြောင့် လိုအပ်နေသည့်အကူအညီများ၊ နောက်ဆက်တွဲ အခက်အခဲများဖြစ်သည့် အစားအသောက်၊ ငွေကြေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် စိုးရိမ်နေကြသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူများနှင့် စစ်ရှောင်များက ပြောသည်။
ထို့အပြင် လိုင်ဇာမြို့အနီးရှိ ဂျေယန့်၊ ဖုန်လုံယန်၊ ဒွမ်ဘုန် စစ်ရှောင်စခန်းများတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက် မုန်လိုင်ချောင်းရေ စတင်ကြီးလာနေသောကြောင့် စစ်ရှောင်များက စိုးရိမ်နေကြသည်။







