မကွေးတိုင်းရေလျှံမှုကြောင့် နှမ်း ဧက ၅၀၀၀ ကျော် ပျက်စီး

မကွေးတိုင်းရေလျှံမှုကြောင့် နှမ်း ဧက ၅၀၀၀ ကျော် ပျက်စီး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ရုတ်တရက် ချောင်းရေလျှံ ရေကြီးမှုကြောင့် နှမ်းစိုက်ခင်းဧက ၅၀၀၀ နီးပါး ပျက်ဆီးသွားသည်ဟု ဒေသခံတောင်သူများ၏ ပြောပြချက်နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၅ ရွာက တောင်သူများ၏ နှမ်းစိုက်ခင်းများ ရေကြီးမှုကြောင့် ပျက်ဆီးသွားရခြင်း ဖြစ်သည်ဟု ဒေသခံတောင်သူများက ပြောသည်။

မဲဇလီကျေးရွာက တောင်သူ ကိုဇင်မျိုးက ”ကြိုတင်ပြင်ဆင်တယ် ဒါပေမယ့် တကယ်တမ်း ရေဝင်လာတော့ လူလွတ်ပြေးရတာ နှမ်းခင်းကတော့ဆုံးပေါ့။ ပိုးကျလို့ ဆေးဖျန်းတာက ၂ ရက်ဘဲရှိသေးတယ်။ ဒီလိုမှန်းသိ မဖျန်းပါဘူး” ဟု ပြောသည်။

မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် သြဂုတ်လ ၆ ရက် နံနက်ပိုင်းက ရုတ်တရက် ချောင်းရေလျှံ ရေကြီးမှုကြောင့် နှမ်းစိုက်ခင်း ဧက ၅၀၀၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ထုတ်ပြန်ထားသည်။

အဆိုပါ စိုက်ခင်းများမှာ ကျေးရွာပေါင်း ၅၅ ရွာရှိ တောင်သူများ၏ စိုက်ခင်းများဖြစ်သည်ဟု ဆိုသည်။

မင်းတုန်းမြို့၏ တောင်ဘက်ခြမ်းဒေသဖြစ်သည့် မဲဇလီ၊ သရက်အုပ်၊ ရေပုလဲကျေးရွာများရှိ စိုက်ကွင်းများတွင် နှမ်းရိုးမည်းစေသည့် မှိုရောဂါတစ်မျိုးကြောင့် တောင်သူများက ကုသဆေးဖျန်းပြီးမှ ယခုကဲ့သို့ ရေကြီးမှုဖြစ်လာသည့်အတွက် ဆုံးရှုံးမှု နှစ်ခါဖြစ်ရသည်ဟု တောင်သူများက ပြောသည်။

ထိုရေကြီးမှုကြောင့် မဲဇလီကျေးရွာထဲရှိ အိမ်ခြေ ၂၀ ခန့်လည်း ယာယီရွှေ့ပြောင်းခဲ့ကြသည်ဟု တောင်သူများက ဆိုသည်။

ရေကြီးရေလျှံမှုကြောင့် မိုးစပါးဧက ၂၀၀၊ နှမ်း ၄၀၁၀ ဧက၊ မိုးမြေပဲ ၅၀၀ ဧက၊ ဖူးစားပြောင်း ၁၄၀ ဧက၊ ဟင်း သီးဟင်းရွက် ဧက ၂၀၀ တို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

မင်းတုန်းမြို့နယ်သည် ရခိုင်ရိုးမနှင့် ဆက်စပ်နေပြီး တောတောင်လျှိုမြောင် ချိုင့်ဝှမ်းများပြားကာ မိုးဦးကျ မုတ်သုံဝင်ချိန် သို့မဟုတ် မုန်တိုင်းရှိချိန်များတွင် ချောင်းရေများတက်ကာ ရေကြီးရေလျှံဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

မင်းတုန်းမြို့သည် မိုးနှမ်းအထွက်များသော အရပ်ဒေသတစ်ခုဖြစ်ပြီး ချောင်းဘေးကိုင်းမြေများနှင့် တောင်ယာစနစ်လည်း စိုက်ပျိုးကြရာ မိမိပိုင်ပုံစံ ၇ အမည်ပေါက်ယာကို ၃ နှစ်ခန့်မွေးပြီး ခုတ်ထွင်စိုက်ပျိုးကြသည်။

သစ်တောဦးစီးဌာန၏ အပြောင်ရှင်း စီးပွားဖြစ် ကျွန်းစိုက်ခင်းစနစ်ဖြင့် တောင်သူများမှ ရှင်းပေးပြီး ကျွန်းပင်စိုက်ပေးကြသည်။

သီးညှပ်အဖြစ် နှမ်း၊ ပဲစဉ်းငုံ၊ ဆင်ခရမ်းချဉ် အစရှိသည်တို့ကို စိုက်ပျိုးခွင့်ပေးသော နည်းဖြင့်စိုက်ကြပြီး ရွှေ့ပြောင်းတောင်ယာစနစ် မလုပ်ကြကြောင်း ဆိုသည်။

၂၀၁၈ ဇွန်လကဖြစ်ခဲ့သော ရေကြီးရေလျှံမှုက ယခုထက်ကြီးမားပြီး ပျက်စီးဆုံးရှုံးမှုကြီးမားကာ လူနေအိမ်များ ပါမျောပါသည့်အထိ ဖြစ်ခဲ့ဘူးကြောင်း ဒေသခံများက ပြောသည်။

 
 

 

 

Most read this week

August 6, 2026
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင်...
August 6, 2026
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်၊ ဖလူးဒေသဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းဘက်...
August 5, 2026
ရခိုင်-ဧရာဝတီနယ်စပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့်...
August 5, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ကျေးရွာတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား...