အမျိုးသားကျန်းမာရေးကော်မတီကို NUG နှင့် တိုင်းရင်းသားအဖွဲ့များ ပူးတွဲဖွဲ့စည်း

အမျိုးသားကျန်းမာရေးကော်မတီကို NUG နှင့် တိုင်းရင်းသားအဖွဲ့များ ပူးတွဲဖွဲ့စည်း

ဖက်ဒရယ် ကျန်းမာရေးမူဝါဒ ရေးစွဲသွားရန်နှင့် မူဝါဒများ ထိန်းညှိရန် အမျိုးသားကျန်းမာရေးကော်မတီ (NHC) ကို လေးရက်တာ ကျင်းပခဲ့သော အမျိုးသားကျန်းမာရေးညီလာခံတွင် ဖွဲ့စည်းလိုက်သည်။

ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ရန်နှင့် ကျန်းမာရေးမူဝါဒများကို ထိန်းညှိနိုင်ရန် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဩဂုတ်လ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်သည့် အမျိုးသားကျန်းမာရေးညီလာခံမှ အမျိုးသားကျန်းမာရေးကော်မတီ NHC ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အမျိုးသားကျန်းမာရေးကော်မတီ NHC မှ လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ NHC တွဲဖက်အတွင်းရေးမှူး ၁ စောနေထူးက “အဓိကကတော့ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို သွားမယ်ဆိုရင်တော့ ဒီမိုကရေစီပြည်ထောင်စုနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဖက်ဒရယ် ကျန်းမာရေးစနစ်ကိုလုပ်ဖို့ရယ်ရွယ်ချက်နဲ့ သွားတာရှိတယ်။ အဲလိုမျိုးဟာမှာဆိုတော့ ဖက်ဒရယ်ရဲ့ အင်္ဂါရပ်နဲ့အညီပေါ့နော ဒီလိုမျိုး မူဝါဒပိုင်းဆိုင်ရာ ထိန်းညှိတဲ့ကိစ္စ၊ စနစ်ပိုင်းဆိုင်ရာ ထိန်းညှိတဲ့ကိစ္စ အဓိကကတော့ Coordination ထိန်းညှိတဲ့ mechanism (ပူးပေါင်းဆောင်ရွက်မှုယန္တယား) တစ်ခုကို ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့ အဓိကကျတဲ့ဟာလို့ပဲ ပြောရမှာပေါ့နော” ဟု ပြောသည်။

အမျိုးသားကျန်းမာရေးကော်မတီ NHC အနေဖြင့် အနာဂတ် ဖက်ဒရယ် ကျန်းမာရေးမူဝါဒများကိုလည်း ရေးဆွဲသွားရန်ရှိသည်ဟု စောနေထူးက ဆိုသည်။

၎င်းက “အခုပဲဖွဲ့လိုက်တယ်ဆိုတော့ အကုန်လုံး အလုံးအရင်းတော့ လုပ်လို့မရသေးဘူး ဆိုတော့ လုပ်ငန်းစဉ်တစ်ခုအနေနဲ့ ခုနပြောသလို ဒီမူဝါဒပိုင်းဆိုင်ရာကိစ္စကိုလည်း ထိန်းညှိတယ်။ ခုနပြောတဲ့ ဒီဖက်ဒရယ် ကျန်းမာရေးစနစ် ဖက်ဒရယ် ကျန်းမာရေးမူဝါဒ ဒီလိုဟာတွေ လုပ်သွားဖို့တော့ ရှိပါတယ်” ဟု ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် အမျိုးသားကျန်းမာရေးကော်မတီတွင် ကရင်အမျိုးသားအစည်းအရုံး KNU မှ ပဒိုမန်းမန်းက ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌအဖြစ် NUG ကျန်းမာရေးဌာနမှ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့မှ ဦးဆောင်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်အများစုမှာ တိုင်းရင်းသား ကျန်းမာရေးဌာနမှ တာဝန်ရှိသူများဖြစ်သည်ဟု သိရသည်။

စောနေထူးက “အဓိကကတော့ ဆရာမန်းမန်းပေါ့နော ဆရာမန်းမန်းက ကော်မတီရဲ့ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ ၁ အနေနဲ့ ဒေါက်တာဇော်ဝေစိုးပေါ့နော။ အခုလက်ရှိ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေးဝန်ကြီးနဲ့ ပညာရေးဝန်ကြီးပေါ့နော။ နောက် ဒုတိယဥက္ကဋ္ဌ ၂ ကတော့ ကရင်နီပြည်နယ်က ဆရာခွန်ဖြိုးရယ် အဲလိုမျိုးရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ တွဲဖက်အတွင်းရေးမှူး အဖွဲ့ဝင်တွေကျတော့ ဒီ ဒေါက်တာဥက္ကာ အတွင်းရေးမှူး တာဝန်ယူပါတယ်။ ကျနော်ကတော့ တွဲဖက်အတွင်းရေးမှူး ၁ တာဝန်ယူထားပါတယ်။ နောက် ဒီတွဲဖက်အတွင်းရေးမှူး ၂ ကျတော့ ဒီ ဆရာမ နန်းစနိုးပေါ့နော အဲလိုမျိုး ဦးဆောင်ပြီးတော့ သွားတယ်” ဟု ပြောသည်။

အမျိုးသားကျန်းမာရေးကော်မတီ NHC ကို ကော်မတီအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့်အပြင် ကော်မတီကို အကြံပေးလမ်းညွှန်မည့် အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်ဟု NHC အတွင်းရေးမှူး ၁ က ဆိုသည်။

“အဲလိုမျိုး ဦးဆောင်မှုရဲ့အပေါ်မှာကတော့ အတိုင်ပင်ခံအဖွဲ့ပေါ့နော အတိုင်ပင်ခံအဖွဲ့တော့ ဆရာမကြီး ဒေါက်တာစင်သီယာတို့ နောက်ပြီးတော့ ဒေါက်တာမြင့်ချိုတို့ ပြီးတော့ ဒေါက်တာသိန်းဝင်းတို့ နောက်ပြီးတော့ ရှမ်းဖက်က ဒေါက်တာစိုင်းလျန်းတို့ အဲလိုမျိုးစုဖွဲ့မှုနဲ့ ကျနော်တို့ စုဖွဲ့နိုင်ခဲ့တာပေါ့” ဟု စောနေထူးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးအဖွဲ့ COVID- 19 Task Force (CTF) ကို ဖွဲ့စည်းထားသည်။

ထိုအဖွဲ့ကို ဖွဲ့စည်းပြီး ရက် ၂၀ ကျော်အကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းကာ အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) ကို ကျင်းပခဲ့ကြပြီး ထိုညီလာခံမှ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ထိန်းညှိရန်နှင့် အနာဂတ် ဖက်ဒရယ် ကျန်းမာရေးမူဝါဒများကို ရေးဆွဲနိုင်ရန်အတွက် အမျိုးသား ကျန်းမာရေးကော်မတီ NHC ကို ထပ်မံဖွဲ့စည်းခဲ့သည်။

လက်ရှိကျင်းပနေသည့် ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူများ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ပြည်တွင်း/ပြည်ပ ကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ ဆေးပညာရှင်များနှင့် ဆေးနှီးနွှယ်ကျောင်သား အဖွဲ့အစည်းများက တာဝန်ခံကျောင်းသား/ကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ညီလာခံသို့ ကိုယ်စားလှယ်စုစုပေါင်း လူဦးရေ ၁၃၀ တက်ရောက်ခဲ့သည်ဟု သိရသည်

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...