ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံရဖွယ်ရှိကြောင်း PPST ခေါင်းဆောင် သတိပေး

ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံရဖွယ်ရှိကြောင်း PPST ခေါင်းဆောင် သတိပေး

လက်ရှိဖြစ်ပေါ်နေသည့် စစ်ဘေး၊ ကပ်ရောဂါဘေးများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ငတ်မွတ်ခေါင်းပါးဘေးများကို ကျော်လွှားနိုင်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ယာယီခေါင်းဆောင်ကိုယ်စား ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုလိုက်သည်။

ဩဂုတ်လ ၄ ရက်နေ့ (ယမန်နေ့) တွင် ကျင်းပသည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ (၁၈/၂၀၂၁) အစည်းအဝေးတွင် PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းကိုယ်စား မိန်ခွန်းပြောကြားရာတွင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “ကျနော်တို့တိုင်းပြည်ဟာ စိတ်မကောင်းစရာ သတ္တန္တရကပ်လို့ခေါ်တဲ့ လက်နက်ခဲယမ်းတိုက်ပွဲဘေးဒဏ်ကြောင့် ပြည်သူတွေဟာ ၆ လကာလမှာ အများအပြားသေဆုံးခဲ့ကြပါတယ်။ ရောဂန္တရကပ်လို့ခေါ်တဲ့ ရောဂါဘယဘေးကြောင့်လည်း လူတွေဟာ သောင်းနဲ့ချီပြီး သေဆုံးသွားကြရပါတယ်။ ဒီကပ်နှစ်ပါးကိုလွန်လို့ရှိ င် ဒုဗ္ဘိက္ခန္တရကပ်လို့ခေါ်တဲ့ ဆင်းရဲငတ်မွတ်ခြင်းဘေးကလည်း နောက်ဆက်တွဲ လိုက်လာမည်ဖြစ်သည့်အတွက် ကျနော်တို့ရင်ဆိုင်ရမည့် အခက်အခဲကလည်း အင်မတန်ကြီးမားပါတယ်” ဟု ပြောသည်။

ထိုအခက်အခဲ စိန်ခေါ်မှုများကို ကူညီဖြေရှင်းရန် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားခေါင်းဆောင်များတွင်လည်း တာဝန်ရှိသည်ဟု ဆက်ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “လက်နက်ဘေးရန်ကို ဖြတ်ကျော်ဖို့လိုသလို ရောဂါဘယဘေးကိုလည်း ဖြတ်ကျော်ဖို့လိုပါတယ်။ ဆင်းရဲမွဲတေ ငတ်မွတ်မှုဘေးကိုလည်း ဖြတ်ကျော်ဖို့လိုပါတယ်။ ဒီအဆင့် ၃ ဆင့်စလုံးက ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေဆီမှာလည်း တာဝန်ကြီးကြီးမားမား ရှိပါတယ်။ ကျနော်တို့အနေနဲ့ ကိုယ့်ရဲ့အနေအထား ကိုယ့်ရဲ့ရပ်တည်ချက်၊ ကိုယ့်ရဲ့တာဝန်ရှိမှုကိုလည်း ကျနော်တို့ ကျရာပခုံးပေါ်မှာ ထမ်းပြီးတော့ တိုင်းကျိုးပြည်သူ အမျိုးဆောင်နိုင်ကြပါစေ” ဟု ပြောသည်။

PPST ၏ အစည်းအဝေးကို ဩဂုတ်လ ၄ ရက်ကနေ ၅ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ၊ ကပ်ရောဂါဘေးအခြေအနေနှင့် နောက်ဆက်တွဲ ကြုံတွေ့လာရသည့် ငတ်မွတ်ခေါင်းပါးဘေးများကို အဖြေရှာနိုင်ရန် ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။

PPST အဖွဲ့ကို NCA အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး ထိုအဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသားဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...