ဦးသိန်းစိန်အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးမြတ်ကိုအား အမည်ပြောင်းလဲဖွဲ့စည်းလိုက်သည့် အိမ်စောင့်အစိုးရလက်ထက်တွင် ထိုရာထူးတွင်ပင် ထပ်မံခန့်အပ်လိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖြစ် သြဂုတ်လ ၁ ရက်နေ့တွင် အမည်ပြောင်းလဲဖွဲ့စည်းလိုက်ပြီးနောက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ဦးမြတ်ကိုအား ခန့်အပ်လိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင်အောင်အား သြဂုတ်လ ၁ ရက်နေ့တွင် တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ဦးမြတ်ကိုအား ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။
တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌအပြင် စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းကောင်စီ ဥက္ကဋ္ဌများကိုလည်း တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အဆိုပါခန့်အပ်လိုက်သည့် ဦးမြတ်ကိုသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတို့တွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထိုသို့ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရခြင်းမရရှိခဲ့ပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး တာဝန်ယူခဲ့ကာ နစကကောင်စီလက်ထက်တွင် တိုင်းကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးကျော်ဇေယျကို မူလ စစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ရန် အမိန့်ထုတ်ပြန်ထားသည်။
အိမ်စောင့်အစိုးရအဖြစ် အသစ်တဖန် ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်သည့် အမိန့်ထုတ်ပြန်ချက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အစိုးရအဖွဲ့များတွင် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်သားရေးရာဝန်ကြီးနှင့် ဥပဒေချုပ်တို့ကို အသစ်ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။







