စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ပြည်သူတစ်ဦး၏ စိုက်ခင်းတဲနှင့် စိုက်ခင်းသုံးထော်လာဂျီကို စစ်ကောင်စီတပ်များက လာရောက်မီးရှို့သွားသည်ဟု ဒေသခံများက ပြောသည်။
ကသာခရိုင်မိုးတားကြီး (မိုးဓါးကြီး) ရေနီဟဲနား လမ်းဆုံအနီးရှိ ပြည်သူတဦး၏ စိုက်အခင်းတဲအိမ်နှင့် စိုက်ခင်းသုံး ထော်လာဂျီကားကို တပ်မ ၉၉ လက်အောက်ခံတပ်ရင်း၏ စစ်ကြောင်းမှ ယင်းစိုက်ခင်းထဲတွင် PDF အဖွဲ့များ ဝင်ထွက်မှုရှိသည်ဟုဆိုကာ လာရောက်မီးရှို့သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်သည်အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် အတူပါလာသူ ဒလန် (စစ်ကောင်စီသတင်းပေး) က ယင်းစိုက်ခင်းနှင့် တဲတွင် PDF များဝင်ထွက်မှုရှိသည်ဟုဆိုကာ သတင်းပေးသည့်အတွက် သြဂုတ်လ ၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်က လာရောက်မွှေနှောက်ရှာဖွေပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။
သြဂုတ်လ ၂ ရက်နေ့ ကလည်း မြေနုရွာအစပ်ရှိ စိုက်ခင်းတဲများကိုလည်း စစ်ကြောင်းများ ဝင်ရောက်လာသဖြင့် အခင်းပိုင်ရှင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထို့သို့ ထွက်ပြေးရှောင်တိမ်းနေစဉ်တွင် အခင်းပိုင်ရှင်များ၏ ဖုန်း၊ ငွေသားများ၊ Power Bank များ၊ ဖုန်းအားသွင်းကြိုးများ၊ ခြင်ဆေးခွေများ၊ လောက်လေးဂွနှင့် ဓါးများပါမကျန် ယူဆောင်သွားသည်ဟု အခင်းပိုင်ရှင်များက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းများသည် မိုးတား (မိုးဓါး)၊ မြေန၊ မိုးတားကြီး (မိုးဓါးကြီး)၊ ရေနီ၊ ဟဲနား စသည့် ကျေးရွာထဲများတွင် တစ်ရွာပြီးတစ်ရွာ ဝင်ရောက်နေကြောင်း၊ ၎င်းတို့ဝင်ရောက်လာသည့်အတွက် ပြည်သူများသည် စိုးရိမ်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ယခုစစ်ကြောင်းဖြစ်သည့် တပ်မ ၉၉ လက်အောက်ခံတပ်ရင်း၏ စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လက ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူသို့ သင်္ဘောဖြင့်ဆန်တက်သွားပြီး ကချင်ပြည်နယ်မှ ပြန်ဆင်းလာသည့် စစ်ကြောင်းဖြစ်ကာ ဒေသခံစစ်ကြောင်းမဟုတ်ဟု ဒေသခံများက ပြောသည်။
ကသာ-ဗန်းမော် ကားလမ်းပေါ်ရှိ မိုးတားးကြီး၊ မိုးတားလေးသည် ကသာမြို့မှ ၁၀ မိုင်ခန့်ကွာဝေးပြီး ဇွန် ၂၄ ရက်နေ့ခန့်ကစတင်ပြီး စစ်ကောင်စီတပ်များနှင့် ဒေသအတွင်းရှိ PDF တပ်များအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားသည့် နေရာတစ်ခုဖြစ်သည်။
အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်သည် မိတ္ထီလာမြို့တွင် အခြေစိုက်ထားသည့် တပ်မဖြစ်သည်။







