NUG ရက် ၁၀၀ အတွင်း အခြေခံလုပ်ငန်းများ တည်ဆောက်ဟု ဒု-သမ္မတပြော

NUG ရက် ၁၀၀ အတွင်း အခြေခံလုပ်ငန်းများ တည်ဆောက်ဟု ဒု-သမ္မတပြော

ရက်ပေါင်း ၁၀၀ အတွင်းတွင် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီ၏ အနိုင်ကျင့်မှုများကို ဖြိုဖျက်နိုင်မည့် အခြေခံလုပ်ငန်းများကို တည်ဆောက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။

ဩဂုတ်လ ၃ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၇/၂၀၂၁) ပုံမှန်အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထိုသို့ ထည့်သွင်းပြောဆိုခဲ့သည်ဟု NUG က အစည်းအဝေးနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဒူဝါလရှီးလက “ရက်ပေါင်း (၁၀၀) အတွင်း စစ်ကောင်စီကို အပြီးသတ် တိုက်ထုတ်ရှင်းလင်းနိုင်ခြင်း မရှိသေးပေမယ့် စစ်ကောင်စီရဲ့ ခြေကုတ် အနိုင်ကျင့်မှုတွေကို ဖြိုဖျက်နိုင်မယ့် အခြေခံလုပ်ငန်းတွေကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် မြန်မာ့သမိုင်းမှာမရှိခဲ့ဘူးတဲ့ တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ ညီညွတ်သောအစိုးရကိုဖွဲ့စည်းပြီး ကြားကာလအစိုးရယန္တယားကို ပြည်သူလူထုအတွင်း အမြစ်တွယ်နေစေရန်လုပ်ဆောင်ခြင်း၊ နိုင် ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိအောင် လုပ်ဆောင်ခြင်း၊ တစ်ဘက်မှာလဲ စစ်ကောင်စီကိုဖြုတ်ချနိုင်ဖို့ တိုင်းရင်းသားအင်အားစုတွေနဲ့ စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှု တည်ဆောက်နေခြင်းတွေကို လုပ်ဆောင်နိုင်ခဲ့သည်” ဟု ပြောသည်။

ထို့အတူ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း NUG အစိုးရအနေဖြင့် တော်လှန်ရေးနှင့် စစ်ရေးမဟာဗျူဟာများကို အကောင်အထည်ဖော်လုပ်ဆောင်ရမည့် အချိန်သို့ ရောက်ရှိနေပြီဟု ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တော်လှန်ရေး တစ်ရက်ကြန့်ကြာလေလေ ပြည်သူများ အသက်တွေဆုံးရှူံးနေရလေလေ ဖြစ်နေသောကြောင့် NUG အစိုးရရဲ့ တော်လှန်ရေးမဟာဗျူဟာများ၊ စစ်ရေး မဟာဗျူဟာများကို အမြန်အသက်ဝင်အောင် လုပ်ဆောင်ကြရတော့မည့် အချိန်ရောက်နေပြီလို့ ပြောလိုကြောင်း၊ ပြည်သူတွေက D day ကို မျှော်လင့်နေကြကြောင်း၊ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြောရရင် D day ဆိုတာ ရက်တစ်ရက် သီးသန့်သတ်မှတ်တယ်ဆိုတာထက် တော်လှန်ရေးဖြစ်စဉ်ကြီးတစ်ခုဖြစ်ကြောင်း၊ ဒါကြောင့် မြို့နယ်တစ်ခုချင်းစီမှာ မြေပြင်အခြေအနေအလိုက် လိုအပ်လာမယ့် သက်ဆိုင်ရာကဏ္ဍတွေကို ဝန်ကြီးဌာနများ အချင်းချင်းချိတ်ဆက်ပြီး အစီအမံများဆောင်ရွက်ထားဖို့ဝန်ကြီးတွေကို တိုက်တွန်းလိုကြောင်း” ဟု ပြောသည်။

ထို့အပြင် လာမည့် သြဂုတ်လ (၈) ရက်နေ့တွင် ၃၃ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံနေ့ဖြစ်ကြောင်းနှင့် ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံနေ့ကစပြီး ၂၀၂၁ ကာလ နှစ်ငါးလုံး အရေးတော်ပုံအထိ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်ကိုမလိုလားပဲ ဒီမိုကရေစီစနစ်ကိုသာ လိုလားကြသည့်စိတ်ကို တစ်စိုက်မတ်မတ် ပြသလာကြသည်ဟု ဆိုသည်။

ထို့ကြောင့် ယခုလက်ရှိဖြစ်ပေါ်နေသည့် တော်လှန်ရေးအခင်းအကျင်းအောက်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် အပြီးသတ် ချေမှုန်းသွားကြရမည်ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲတွင် အများစုအနိုင်ရထားသည့် NLD ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် CRPH က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည်ဆိုသည် ရည်ရွယ်ချက်ဖြင့် တပ်မတော်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီးနောက် တိုင်းရင်းသားအများစုပါဝင်သည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီ အမည်ပြောင်း အိမ်စောင့်အစိုးရကိုလည်း မတရားသင်းအဖြစ် ဆက်လက်ကြေညာထားသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...