NUG တရားဝင်ဖြစ်မည်စိုး၍ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းကြောင်း အမျိုးသမီးခေါင်းဆောင်များ သုံးသပ်

NUG တရားဝင်ဖြစ်မည်စိုး၍ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းကြောင်း အမျိုးသမီးခေါင်းဆောင်များ သုံးသပ်

၂၀၂၀ ရွေးကောက်ပွဲရလဒ်မှ ဖြစ်တည်လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြုမှု မရရှိအောင် စစ်ကောင်စီမှ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့များက ပြောသည်။

အမျိုးသမီးသမဂ္ဂ BWU အကြံပေး ဒေါ်တင်တင်ညိုက “အဓိက, ကတော့ NUG CRPH ရဲ့ တရားဝင်မှုကို သူတို့အနေနဲ့က လုံး၀ပျက်သုန်းရေးပေါ့နော နောက်ပြီးတော့ လူထုတွေရဲ့ အသိအမှတ်မပြုရေး နိုင်ငံတကာရဲ့ အသိအမှတ်မပြုရေးအတွက်ကို သူတို့အနေနဲ့က ရည်ရွယ်တယ်လို့ မြင်တယ်ပေါ့” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းသည် လာမည့် စက်တင်ဘာလတွင်ပြုလုပ်မည့် ကုလသမဂ္ဂအစည်းအဝေးတွင် ကုလမဂ္ဂမှ မည်သည့်အဖွဲ့ကို အစိုးရအဖြစ် အသိအမှတ်ပြုမည် မပြုမည်နှင့်လည်း ဆက်စပ်မှုရှိနိုင်သည်ဟု ဆက်ပြောသည်။

“ဒီလာမယ့် စက်တင်ဘာမှာဆိုလို့ရှိရင် ကုလသမဂ္ဂပေါ့နော။ အဲဒီမှာ သူကိုယ်စားပြုပါဝင်တဲ့နေရာမှာ စစ်ကောင်စီနဲ့ NUG နဲ့က အပြိုင်အဆိုင် လုပ်ရမယ့် အနေအထားလည်းဖြစ်တယ်။ ဆိုတော့ အဲဒီမတိုင်ခင်မှာ ဒါကို ဖျက်ပယ်လိုက်တယ်ဆိုတာကတော့ အဲဒီဖက်မှာလည်း တရားဝင်မှု နိုင်ငံတကာမှာလည်း တရားဝင်မှုမရအောင် ကုလသမဂ္ဂမှာလည်း တရားဝင်မှုမရအောင် လုပ်လိုတဲ့သဘောဆန္ဒလို့ ထင်ပါတယ်” ဟု ဒေါ်တင်တင် ညိုက ပြောသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ယခင် စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှ စစ်အာဏာရှင်စနစ် ရေရှည်တည်မြဲရန် လုပ်ဆောင်မှုမျိုးနှင့် ပုံစံတူသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ပြောသည်။

၎င်းက “ဒီစစ်တပ်က ကျမတို့ လက်ရှိ အခင်းအကျင်းပေါ်မှာပဲ ကျမတို့ ကြည့်ရမှာမဟုတ်ဘူးပေါ့နော ကျမတို့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ဆိုးကျိုးတွေ သက်ရောက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်ပေါ့နော။ ဒီအဖွဲ့က တစ်ဖွဲ့တည်းဆိုတဲ့ဟာမျိုးကိုလည်း နားလည်သဘောပေါက်ဖို့ လိုအပ်တယ်လို့ ကျမက ပြောချင်တယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့်အထိ အနိုင်ရရှိထားသည့် NLD အစိုးရမှ CRPH၊ NUG မှတဆင့် လူထုကို ဆက်လက် ဦးဆောင်မှုပေးနေသည့် ဖြစ်တည်မှုကို စစ်ကောင်စီမှ ရိုက်ချိုးလိုသည့်သဘောအဖြစ် တွေ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲအသာဖြင့် အစိုးရဖွဲ့နိုင်သည့်အထိ အနိုင်ရခဲ့သကဲ့သို့ တိုင်းရင်းသား နိုင်ငံရေးပါတီအချို့လည်း အနိုင်ရခဲ့ကြသည်။

သို့သော် အဆိုပါ ရွေးကောက်ပွဲရလဒ်သည် မဲမသမာမှုများရှိသည်ဟုဆိုကာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းခဲ့သည့် အပြင် ရွေးကောက်ပွဲကော်မရှင်အသစ်ကိုပါ ဖွဲ့စည်းပေးခဲ့ပြီး ၂ နှစ်အကြာတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု ပြောဆိုထားသည်။

ထိုပြောဆိုမှုနှင့်ပတ်သက်၍ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက “ဒီမိုကရေစီလမ်းကြောင်းဆိုပြီးတော့ သူတို့က ဘယ်လိုပြောမလဲ ရွေးကောက်ပွဲတွေ လုပ်ပေးခဲ့တယ်။ ၂၀၁၀ တို့ ၂၀၁၅ တို့ ပြီးလို့ရှိရင် အခု ပြီးခဲ့တဲ့ ၂၀၂၀ ပေါ့နော ဒီရွေးကောက်ပွဲတွေ သူတို့က ဖန်တီးပေးခဲ့တယ်။ ဒါကတော့ ဟန်ပြ နိုင်ငံတကာကိုပြဖို့အတွက် သူတို့လုပ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိတ်ပြီးတော့ ကြံနေတဲ့အရာကတော့ ဟိုးအရင်ကတည်းက သူတို့ရှိနေတဲ့ဟာရှိတယ်လို့ မြင်တယ်။ ဒါကြောင့်မို့ ဒီ သူတို့ကလည်း သူတို့ရဲ့ လုပ်ဆောင်မှုတွေ ဆက်ပြီးတော့လုပ်နေတယ် ပြီးလို့ရှိရင် ဒါတွေကို ပယ်ဖျက်တယ်ဆိုတဲ့ဟာကို လုပ်တယ်” ဟု ပြောသည်။

စစ်ကောင်စီမှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု ပြောဆိုမှုများသည် နိုင်ငံသူနိုင်ငံသားများ၏အရေးကို ရှေ့ရှုးခြင်းမျိုးမဟုတ်ပဲ အာဏာတည်မြဲဖို့ရန် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု အမျိုးသမီးသမဂ္ဂ BWU အကြံပေး ဒေါ်တင်တင်ညို ပြောသည်။

၎င်းက “ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ကနေပြီးတော့မှ စီစဉ်ပေးတဲ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကလည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ကျမတို့ သိပြီးပြီပေါ့နော။ ပြီးတော့မှ ကြားဖြတ်ရွေးကောက်ပွဲ တောက်လျှောက်ပေါ့။ ဒါပေမယ့် လူထုတွေရဲ့ဆန္ဒက လူထုတွေရဲ့ တကယ်ဖြစ်စေချင်တဲ့ပုံစံကို သူတို့က မကျော်လွန်နိုင်လို့သာ နောက်ပိုင်းမှာ ဒီ NLD ပါတီက အနိုင်ရခဲ့တာမျိုးဖြစ်ခဲ့တာကိုး ဆိုတော့ သူတို့ပုံသွင်းခဲ့တဲ့ပုံစံအတိုင်း မဖြစ်တော့ တစ်ခါ တစ်ကြော့ပြန်ပြီးတော့မှ အရင်တုန်းက လုပ်ခဲ့တဲ့ပုံစံ ပြန်လုပ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် သေချာတယ်။ စစ်တပ်က ဘယ်တုန်းကမှ ပြည်သူလူထုကို မျက်နှာမူတာမရှိခဲ့ဘူး။ ပြည်သူလူထုတွေရဲ့ ကောင်းကြိုးကို ရှေ့ရှု့ပြီး စဉ်းစားတာ ဘယ်တုန်းမှ မရှိခဲ့ဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး သက်ဆိုးရှည်စေရေးကိုပဲ အမြဲတမ်း ဦးတည် လုပ်ဆောင်တာဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။

ရွေးကောက်ပွဲ ပြန်လည်ကျင်းပေးမည်ဆိုသည့် စစ်ကောင်စီ၏ပြောဆိုမှုကို သတိထားရန်လိုသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ဆိုသည်။

နော်ဆဲဆဲက “ဒီ သိထားပြီးသား စစ်တပ်ရဲ့လမ်းကြောင်းကို ကျမတို့ မပါသွားဖို့ကတော့ အရေးကြီးတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်တပ်က ဘယ်လိုပဲ သူတို့ ကောင်းတဲ့လမ်းကြောင်းကို စဉ်းစားစဉ်းစား သူတို့ရဲ့ယုတ်မာမှုက ယုတ်မာမှုပဲ ကမ္ဘာမှာ သိကုန်ပြီပေါ့နော။ ဆိုတော့ ကိုယ်သွားပါဝင်ပတ်သက်ခြင်းအားဖြင့် ကိုယ်ပါ တရားခံဖြစ်သွားနိုင်တယ်ပေါ့နော။ ဆိုတဲ့ဟာမျိုးကို ကျမကတော့ သတိထားစေချင်တယ်ပေါ့နော။ အထူးသဖြင့် နိုင်ငံရေးပါတီတွေပေါ့နော” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများနှင့် ညီညွှတ်မှုမရှိကြောင်း စစ်ကောင်စီက အသစ်ခန့်အပ်ထားသည့် UEC က ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် လွတ်လပ်၍ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲအဖြစ် စုံစမ်းတွေ့ရှိရသည့်အတွက် အဆိုပါ ရွေးကောက်ပွဲမှ ရလာသည့်ရလဒ်ကို ပယ်ဖျက်ကြောင်း UEC အသစ်၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းများအရ စစ်ကောင်စီမှ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ထုတ်ပြန်မှုများသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှ ဖြစ်တည်လာသည့် CRPH နှင့် NUG ကို နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြုမှု မရရှိအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့များက ဆိုသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...