ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အမှတ် ၃ တပ်နယ်မှူး ကိုဗစ်ဖြင့်ကွယ်လွန်

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အမှတ် ၃ တပ်နယ်မှူး ကိုဗစ်ဖြင့်ကွယ်လွန်

ကရင်ပြည်နယ် နယ်ခြားစောင်တပ် (BGF) အမှတ် ၃ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကျော်မြင့် (ခ) ဗိုလ်ကတုံး (၆၂) နှစ်သည် ယမန်နေ့နံနက်တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

စောကျော်မြင့် (ခ) ဗိုလ်ကတုံးသည် ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ၈ ရက်မြောက်နေ့ ဇူလိုင် ၂၉ ရက် နေ့လည် ၁၁ နာရီ ၃၃ မိနစ်အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကျန်ရစ်သည့် ရုပ်ကလာပ်ကိုမူ ရွှေကုက္ကိုသုသာန်တွင် ယင်းနေ့ မွန်းလွှဲ ၁ နာရီက မီးသင်္ဂြိုဟ်ခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်းရွာဇာတိဖြစ်သူ နယ်ခြားစောင့်တပ် အမှတ် ၃ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကျော်မြင့်သည် ၁၉၉၄ ခုနှစ်၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) စတင်ဖွဲ့စည်းစဉ်ကပင် ၉၉၉ အထူးတပ်ရင်း၏ ဒုတိယတပ်ရင်းမှူးအဖြစ် ၂၀၁၀ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။

၎င်းနောက် ၂၀၁၀ ခုနှစ်တွင် DKBA မှ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းဖွဲ့စည်းရာတွင် အမှတ် ၃ တပ်နယ်မှူးအဖြစ် ၂၀၁ဝ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ ယခု ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းကွယ်လွန်သွားပြီးဖြစ်၍ လစ်လပ်နေသော တပ်နယ်မှူးနေရာအား လတ်တလောတွင် အစားထိုးခန့်အပ်ရန်မရှိသေးဘဲ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ယာယီကိုင်တွယ်သွားမည်ဟု သိရသည်။

သူကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

 
 

 

 

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...