သထုံတွင် အုပ်ချုပ်ရေးမှူးများအား သေနတ်ဖြင့်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား

သထုံတွင် အုပ်ချုပ်ရေးမှူးများအား သေနတ်ဖြင့်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် နေအိမ်တွင် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရသည့် ဦးမြင့်ရွှေသည် သေနတ်ဒဏ်ရာ ၆ ချက်ဖြင့် အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟုလည်း ဒေသခံများက ပြောသည်။

“ဦးမြင့်ရွှေ အိမ်မှာရှိနေတဲ့အချိန်မှာပဲ လူနှစ်ယောက်က ဆိုင်ကယ်နဲ့လာပြီးတော့ ပစ်သတ်သွားတယ်လို့ သိရတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်၊ အခု ရွာမှာတော့ ဦးမြင့်ရွှေ ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်လည်း သိရတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့ကလည်း သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်းသည်လည်း နေအိမ်ရှိ စျေးဆိုင်တွင် စျေးရောင်းနေစဉ် အမည်မသိလူနှစ်ဦးက စျေးဝယ်ဟန်ဆောင်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

ထိုသေနတ်ဒဏ်ရာများဖြင့် ဦးလှမင်းသည် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု သမ္ဘာန်ကျေးရွာက ဒေသခံများက ပြောသည်။

“ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ကတော့ နှစ်ရက်ဆက်တိုက်ပဲ၊ ဘာတွေဖြစ်ကုန်ပြီးလဲတော့ မသိတော့ဘူး တလောကလည်း ဒီလိုပဲ တစ်ဦးပစ်သတ်ခံရသေးတယ်” ဟု အသက် ၆၀ ဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၂၂ ရက်နေ့က သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းလည်း ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ်၊ နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိသေနတ်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

 
 

 

 

Most read this week

August 6, 2026
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင်...
August 6, 2026
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်၊ ဖလူးဒေသဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းဘက်...
August 5, 2026
ရခိုင်-ဧရာဝတီနယ်စပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့်...
August 5, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ကျေးရွာတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား...