အင်းစိန်ထောင်တွင် စစ်ကောင်စီဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြ

အင်းစိန်ထောင်တွင် စစ်ကောင်စီဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြ

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အတွင်းတွင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကြွေးကြော်သံများ၊ သွေးသစ္စာသီချင်းများဖြင့် ၂ နာရီကျော်အကြာ ကြွေးကြော်ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့် ကြွေးကြော်သံများကြားသဖြင့် အပြင်ထွက်ကြည့်ရာ အပြင်တွင် ချီတက်လာသူများမတွေ့ရဘဲ ထောင်တွင်းမှ ကြွေးကြော်သံများ၊ သီချင်းသံများဖြစ်နေသည်ကို တွေ့ရပြီးသည်ဟု အင်းစိန်ထောင်အနီး နေထိုင်သူများက ပြောသည်။

စစ်အာဏာရှင်စနစ်ကျဆုံးရေး ဒို့အရေး၊ ဒို့အရေး၊ သပိတ် သပိတ် မှောက် မှောက်၊ ပြည်သူအာဏာ ပြည်သူပြန်ပေး ဆိုသည့် ကြွေးကြော်းသံများကြားရသကဲ့သို့ အရေးကြီးပြီ ညီနောင်အပေါင်းတို့ ဆိုသည့် သွေးသစ္စာသီချင်းသံကို ကြားရသည်ဟု အင်းစိန်ထောင်အနီး အောက်မင်္ဂလာဒုံ လမ်းမကြီးဘေးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ကျနော် ဒီနားမှာ တစ်သက်လုံးနေလာတာ ဒါမျိုးတစ်ခါမျှမကြားဘူး။ မှတ်မှတ်ရရ နာဂစ်တုန်းကတော့ ထောင်ထဲက သေနတ်သံတစ်ချက်တော့ ကြားဖူးတယ်“ ဟု အင်းစိန်ထောင်ဘေးတွင် နှစ်ပေါင်း ၃၀ ကျော်နေထိုင်သူ အမျိုးသားကြီးတစ်ဦးက ပြောသည်။

အဆိုပါ ကြွေးကြော်သံများသည် အင်းစိန်ထောင်အတွင်း နိုင်ငံရေးသမားများထားသည့် သီးသန့်အဆောင်ဘက်မှ ဖြစ်နိုင်ကြောင်း အင်းစိန်ထောင်အနီး အောက်မင်္ဂလာဒုံလမ်းမကြီးဘေးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့သော ကြွေးကြော်သံများနှင့်အတူ အင်းစိန်ထောင်အတွင်းသို့ စစ်ကောင်စီကားများဝင်သွားသည့် ရုပ်သံဗွီဒီယိုဖိုင် ကလစ်အချို့လည်း အင်တာနက်စာမျက်နှာပေါ်တွင် တက်လာခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် “ယနေ့ဖြစ်ပွားခဲ့သော အင်းစိန်ထောင်တွင်း ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ အကျဉ်းသားများအပေါ် ပြင်းထန်ပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းများကို ထောင်အာဏာပိုင်များနှင့် စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်မည်ကို များစွာစိုးရိမ်မိပါသည်” ဟု ဇူလိုင်လ ၂၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြပွဲနှင့်ပတ်သက်၍ အရေးပေါ်ထုတ်ပြန် ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအစိုးရများအနေဖြင့်လည်း မတရားဖမ်းဆီးထိန်းသိမ်းခံအကျဉ်းသားများ၏ အသက်ရှင်သန်ခွင့်နှင့် အမြန်ဆုံးလွှတ်ပေးရေးတို့အတွက် အာဏာသိမ်းစစ်အုပ်စုကို အဖက်ဖက်မှဖိအားပေးရန် AAPP က တောင်းဆိုထားသည်။

ပုံမှန်အားဖြင့် အကျဉ်းသား ငါးထောင်ခန့်သာ ထိန်းသိမ်းနိုင်သည့် အင်းစိန်ထောင်တွင် လက်ရှိ အချုပ်သားများအပါအဝင် အကျဉ်းသား တစ်သောင်းကျော်ခန့် ချုပ်နှောင်ထားကြောင်း သိရသည်။

အကျဉ်းဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အင်းစိန်ထောင်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄၀ ခန့်ရှိပြီး ဇူလိုင်လ ၈ ရက်နေ့က စတင်၍ အင်းစိန်ထောင်ကို Semi Lockdowm ချထားကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ AAPP ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ အကျဉ်းထောင်များနှင့် စစ်ကြောရေး စခန်းများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး (နွေဦးတော်လှန်ရေး) အတွင်း ချုပ်နှောင်ဖမ်းဆီးခံထားရသူ စုစုပေါင်း ၅၃၃၃ ဦးရှိပြီဟု သိရသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...