“ကိုဗစ် တတိယလှိုင်းဆိုတာကို အသေအချာကြီး ဖော်ပြနေတာဖြစ်ပါတယ်”

“ကိုဗစ် တတိယလှိုင်းဆိုတာကို အသေအချာကြီး ဖော်ပြနေတာဖြစ်ပါတယ်”

ပြည်နယ်ကျန်းမာရေးဦးစီးမှူးနှင့်ဆက်သွယ်မေးမြန်းချက်

မွန်ပြည်နယ်အတွင်း လက်ရှိ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပေါ်နေသည့် အခြေအနေ၊ အောက်စီဂျင်လိုအပ်ချက်အပေါ် ဆောင်ရွက်နေပုံများ၊ ပြည်သူအများ လိုက်နာဆောင်ရွက်သင့်သည်များကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းအား ဆက်သွယ်မေးမြန်းရာမှာ အောက်ပါအတိုင်း ရှင်းလင်းဖြေကြားပေးခဲ့ပါတယ်။

ဒေါက်တာနန္ဒဝင်း။   ။ ကိုဗစ်-၁၉ ကုသတဲ့နေရာမှာ ဆရာတို့က လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် ၃၁ ရက် ၅ လ ၂၀၂၁ ပေါ့နော်။ ဒီနှစ် မေလအထိကို စစချင်းပေါ့။ ပြီးခဲ့တဲ့ ၂၀၁၉ ကနေ စဖြစ်လိုက်တဲ့လူနာပေါင်းက ၃၇၅၃ ဦးရှိခဲ့ပါတယ်။ မွန်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ကိုဗစ်အစကနေပြီးတော့ ၂၀၂၁ နှစ် ၅ လပိုင်းထိ ၃၇၅၃ ဦးရှိခဲ့ပြီး ၅၄ ဦး တိမ်းပါးခဲ့ပါတယ်။

ဒါပေမယ့် ၆ လပိုင်းစတဲ့အချိန်က စပြီးတော့ တစ်ဖြည်းဖြည်း လူနာတွေက များပြားလိုက်တဲ့အခါ ဒီနေ့အထိ ကိုဗစ်ဖြစ်ပွားတဲ့လူ စုစုပေါင်းသည် ၄၃၆၇ ဦး ရှိခဲ့ပါတယ်။ ပထမတုန်း ၃၇၅၃ ဦး မပါသေးဘူး။ ဒီကြားထဲမှာ ၆ လပိုင်း နဲ့ ၇ လပိုင်း လတစ်ဝက်ပဲရှိတဲ့အချိန်မှာ ကိုဗစ်ရောဂါသည် ၄၃၆၇ ဦး ရှိလာတာက ကိုဗစ်တတိယလှိုင်းဆိုတာကို အသေအချာကြီး ဖော်ပြနေတာဖြစ်ပါတယ်။

အဲဒီထဲမှာ ၁၉၈ ဦးက တိမ်းပါးခဲ့ပါတယ်။ ဖြစ်ပွားမှုနှုန်း၊ ကူးစက်မှုနှုန်း၊ သေနှုန်းတွေအားလုံး မြှင့်တက်လာခဲ့ပါတယ်။ အရင်တုန်းက ဖြစ်ပွားတုန်းက သေနှုန်းသည် ၁၀၀ မှာ ၂ ရာခိုင်နှုန်း နှစ်ယောက်လောက်ပဲရှိပါတယ်။ ဒီနေ့မှာဆိုရင် ၁၀၀ မှာ ၄ ဒဿမ ၅၊ ၁၀၀ ဖြစ်ရင် ၄ ယောက်ကျော် ကွယ်လွန်တယ်ဆိုတာ တွေ့ရှိရပါတယ်။ အဲတော့ ဖြစ်ပွားမှုနှုန်းရော သေဆုံးနှုန်းရော များပြားတဲ့အနေအထားကို မွန်ပြည်နယ်က ရင်ဆိုင်နေရပြီဆိုတာ အရင်ဦးစွာ ပြောချင်ပါတယ်။

နောက်တစ်ခုက ကိုဗစ်ရောဂါကို တတိယလှိုင်းမှာ ကြိုတင်ပြင်ဆင်တာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၁၀ မြိုနယ်အတွင်းမှာ ကိုဗစ်ကုသမှု ပေးတဲ့ စင်တာပေါင်း ၂၅ ခု ဆရာတို့က ဖွင့်လှစ်ပြီးတော့ လက်ရှိအနေအထားမှာ ၂၅ ခုမှ လူနာပေါင်း ၂၃၇၃ ဦးကို ကိုဗစ်စင်တာတွေမှာတင်ပြီး ကုသပေးလျက်ရှိနေပါတယ်။

အဲလိုလုပ်ပြီးတော့ ဘာတွေလိုအပ်နေသလဲ။ ဘာတွေလိုအပ်နေလဲဆိုတော့ အောက်စီဂျင်ပါ။ အရင်တုန်းက အောက်စီဂျင်သည် ကိုဗစ်လူနာတွေမှာ ၁၀၀ မှာ ၁၀ ယောက်လောက်ပဲ အောက်စီဂျင်လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာ ၁၀၀ မှာ ၄၀ လောက် အောက်စီဂျင်လိုအပ်လာတာ တွေ့ရပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းရဲ့ အခြေအနေကိုမူတည်ပြီး အောက်စီဂျင်လိုအပ်ချက်ပြည့်မီအောင် ဆရာတို့က ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် ဒီ တတိယလှိုင်းမှာ မထင်မှတ်နိုင်လောက်အောင် အောက်စီဂျင်လိုအပ်မှုတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ဆရာတို့ မွန်ပြည်နယ်မှာတော့ ၄၀% လောက်က အောက်စီဂျင် လိုအပ်လာတဲ့အခါ ပေးနိုင်အောင် အခြေအနေကို ဆရာတို့က လိုက်လံပြီးတော့ စီမံရပါတယ်။

ပြည်နယ်အစိုးရရဲ့ဦးဆောင်မှု ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ပါဝင်မှု စေတနာရှင်တွေရဲ့ ပူးပေါင်းပါဝင်မှု မြို့မိမြို့ဖတွေရဲ့ ကြိုးစားမှု ဆရာတို့ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာဖြစ်လို့ အောက်စီဂျင်ကတော့ သူများတိုင်းနဲ့ ပြည်နယ်တွေလိုတော့ အငမ်းမရ မဟုတ်ဘဲ လိုအပ်ချက်ရှိဆဲ ဖြစ်ပါတယ်။

ဆရာတို့မှာ liquid အောက်စီဂျင်လို့ ခေါ်တဲ့ အောက်စီဂျင်အရည်ကို ဖျော်နိုင်တဲ့ဟာကို ပြည်နယ်နဲ့တိုင်းတွေထဲမှာ ရန်ကုန်တိုင်းတို့ကျတော့ နဂိုထဲက ရှိတယ်လေ။ မွန်ပြည်နယ်မှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင်နဲ့ပေါင်းပြီး ဦးစွာပထမ လုပ်နိုင်ခဲ့ပါတယ်။

လုပ်နိုင်ခဲ့ပေမယ့် liquid အောက်စီဂျင် ရရှိမှု အခြေအနေကတော့ အခု အလှူရှင်တွေက လာမယ့် သောကြာ‌နေ့ဆိုရင်တော့ အလှူရှင်တွေအားလုံး လှူဒါန်းမှာဖြစ်တဲ့အတွက် ပြည့်စုံမယ်လို့ ယူဆပါတယ်။ ထုတ်နိုင်မယ့်အင်အားပေါ်မူတည်ပြီး ဆရာတို့က မိနစ် ၂၀ ကို ၄၈ လုံး ထွက်ပါတယ်။ အဲအပေါ် မူတည်ပြီး ဆရာတို့က မွန်ပြည်နယ်အတွင်းက ဆေးရုံတွေကို ပေးမှာဖြစ်ပါတယ်။ တစ်ချို့သော ဆေးရုံတွေ ဘားအံတို့ မြဝတီတို့ကို ပြန်လည်ထောက်ပံ့သွားဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဘက်မှာလည်း အရေးပေါ်လူနာတွေ ရှိနေပါတယ်။

အောက်စီဂျင်တွေကျတော့ တစ်ချို့လူတွေက နည်းနည်းလေး မမောလိုက်နဲ့ အောက်စီဂျင်ရှူမယ်။ တိုင်းတောင် မတိုင်းတော့ဘဲ အောင်စီဂျင်ကို မလိုအပ်ဘဲ ရှုနေတဲ့လူတွေက ရပ်ရွာထဲမှာ ရှိနေပါတယ်။ လိုအပ်လို့ ရှုနေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် မလိုအပ်တဲ့လူတွေရှိတဲ့အတွက် အဲဒီလူတွေက ရယူတဲ့အခါ အောက်စီဂျင်က လိုအပ်ချက်ကို မနည်းပြည့်မီအောင် ကြိုးစားနေရပါတယ်။ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဖြစ်လာတဲ့ စိုးရိမ်ပူပန်မှုကိူလည်း နားလည်ပါတယ်။ ဒါပေမယ့် ဆရာတို့ ဘယ်လိုလူတွေ အောက်စီဂျင် ရှုသင့်တယ်။ ဘယ်လိုလူတွေ ‌အောက်စီဂျင် မရှုသင့်ဘူး။ မရှုသင့်ဘူးဆိုတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကိုတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ပေးနေပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ လိုက်နာမှုနဲ့ အသိပညာက အားနည်းနေဆဲ ဖြစ်ပါတယ်။ အားလုံးက ပူပန်မှုတွေနဲ့ပဲ အောက်စီဂျင်ရှုကြတယ်။

အဲဒီချိန်မှာ တစ်ခါတည်း ပြောချင်တာက အောက်စီဂျင်တွေရဲ့ ပြသာနာပါ။ တစ်ချို့တွေက medical great မဟုတ်တဲ့ အောက်စီဂျင်အိုးတွေကို ထုတ်လာတယ်။  စိုက်ပျိုးရေး သုံးတွေပေါ့။ ဥပမာ ငါးမွေးကန်တွေမှာ သုံးတဲ့ အောက်စီဂျင်တွေ တစ်ချို့တွေက စက်မှုလုပ်ငန်းမှာ သုံးတဲ့ အောက်စီဂျင်တွေ အဲလို အိုးတွေကိူ ယူလာတဲ့အခါမှာ အိုးတွေရဲ့ မသန့်စင်မှုတွေကြောင့် အောင်စီဂျင် ထည့် ရှုလိုက်တဲ့အခါမှာ အဲအိုးထဲမှာ ရှိနေတဲ့ မှိုတွေ အမဲမှိုတွေက ကိုဗစ်ထက်တောင် ပိုဆိုးပါတယ်။ ကိုဗစ်ထက် ပိုသေတတ်ပါတယ်။ အဲတော့ အောက်စီဂျင်ဖြစ်ပြီးရော အိုးအစုတ်အပျက်တွေ ရတာတွေနဲ့ မရှူဖို့လည်း ဆရာတို့က မေတ္တာရပ်ခံပါတယ်။

အဲလိုမဖြစ်အောင်လည်း ဆရာတို့က အဖွဲ့လိုက်တွေ ဖွဲ့ပြီး ပညာပေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ အောက်စီဂျင်တွေ မကြာခင် ပြည့်စုံတော့မှာပါ။ အားလုံးကို ပြည့်စုံအောင် ဆရာတို့ ကြိုးစားပေးပါ့မယ်။ ဒါပေမယ့် ပြည်သူလူထုကတော့ မလိုအပ်ဘဲနဲ့ အောက်စီဂျင်အိုးတွေကို အိမ်မှာဆောင်ထားတာ မီးရေးထင်းရေးလည်း အန္တရာယ်ရှိပါတယ်။ ‌အောက်စီဂျင် ပေးတဲ့စက်တွေလည်း ဆရာတို့ ဝယ်နိုင်အောင်လည်း ဆရာတို့ကြိုးစားနေပါတယ် ချိတ်ဆက်နေပါတယ်။ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးကရော၊ ပုံမှန်ကုန်သွယ်‌ေရးကရော စီးပွားရေးလုပ်ငန်းရှင်တွေကို ချိတ်ဆက်ပြီးလုပ်နိုင်အောင် ချိတ်ဆက်ပေးပါတယ်။ မွန်ပြည်နယ် ဆယ်မြိုနယ်မှာ အောက်စီဂျင်ထုတ်တဲ့ စက်ရုံတွေ တစ်ပိုင်တစ်နိုင် ထုတ်တဲ့ စက်ရုံလေးတွေကို ဦးစားပေးပြီး သယ်ပေးဖို့ မြို့မိမြို့ဖတွေ၊ ဆရာတော် သံဃာတော်တွေနဲ့ အားလုံးပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ အဲဒါကတော့ အောက်စီဂျင်က အခုရှိနေတဲ့ အခက်အခဲပေါ့လေ။ အဲဒီအခက်အခဲကို တက်နိုင်သလောက်တော့ မွန်ပြည်နယ်က ညီညီညွတ်ညွတ်နဲ့ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။

နောက်တစ်ခုက ကျတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အနေအထားပါ။ ကျန်းမာရေးဝန်ထမ်းတွေရဲ့အင်အားက ပုံမှန်အားဖြင့် ရှိတဲ့ ၆၅ ရာခိုင်နှုန်းလောက်နဲ့ အားကန်ပြီး လုပ်နေရတဲ့ အချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ရောဂါကူးစက်မှုတွေ ဆရာတို့ တွေ့ရှိပါတယ်။ ဆရာတို့ ကျန်းမာရေးဝန်ထမ်းတွေသည် ကာကွယ်ရေးထိုးပြီးသား မှန်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသားလည်း ဒီမှာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ပြောရရင် မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်ဖြစ်တဲ့လူနာတွေထဲမှာ ကာကွယ်ဆေးထိုးပြီးတဲ့လူတွေ ၁၃၄ ယောက်သည် ကာကွယ်ဆေးထိုးပြီးတော့ ကိုဗစ်တွေဖြစ်ကြပါတယ်။ ကိုဗစ်ဖြစ်တဲ့အခါ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါကြပါတယ်။ အဲလူတွေ အားလုံးသည် အသက်အန္တရာယ်တော့ မရှိကြပါဘူး။ ပြန်လည်ကောင်းမွန်သွားပြီဆိုပေမယ့် ကိုဗစ်ဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေကို ခဏအနားပေးရတာ ဖြစ်ပါတယ်။

အနားပေးတယ်ဆိုပေမယ့် ကျန်းမာကေးဝန်ထမ်းတွေက PPE ချွတ်ပြီး လူနာတွေကို အတွင်းကျကျ ကုသပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း ပြည်နယ်ဦးစီးမှူး တစ်ယောက်အနေနဲ့ ချီးကျူးပါတယ်။ သူတို့တွေက ကိုယ်မောနေတာတွေ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို အန်တုပြီး ရောဂါဝေဒနာခံစားနေရတဲ့ လူနာတွေကို ကိုဗစ်စင်တာတွေထဲမှာ အတွင်းကျကျ စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးသူရဲကောင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ဦးလည်းဦးညွတ်ပါတယ်။

အခုလိုမျိုး Positive ဖြစ်တဲ့အခါမှာတော့ အနားပေးလိုက်ရတဲ့ အခါမျိုးမှာ ဝန်ထမ်းအင်အားတွေ မလုံလောက်မှုတွေ ရှိလာပါတယ်။ အဲဒါကတော့ ဆရာတို့ရဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။

ကိုဗစ်ကို ဘယ်လိုကျော်လွှားကြမလဲ။ Mask တပ်ပါ၊ ခပ်ခွာခွာနေပါ၊ အပြင်က ပြန်လာပြီးတိုင်း သန့်ရှင်းရေးလုပ်ပါ။ လက်ကို မကြာခဏဆေးပါ။ သက်ကြီးရွယ်အို ရောဂ့ရှိသူတွေရဲ့ နားမှာ မနေပါနဲ့လိူ့ ဆရာတို့က ပြောပါတယ်။ အဲဒါလည်း လိုက်နာပါ။

နောက်တစ်ခုက ကာကွယ်ဆေးကတော့ မကြာခင် ရတော့မယ်။ ဒီ (ဇူလိုင်) ၂၂ ရက် နေ့ဆိုရင် နိုင်ငံတော်ကို ကာကွယ်ဆေးတွေ ရောက်လာတော့မယ်။ တရုတ်ပြည့်သူ့ သမ္မတနိုင်ငံကနေ ပေးလာမယ့် နှစ်သန်း အရင်ရောက်ရှိလာမယ်လို့ သိရပါတယ်။ လမကုန်ခင်မှာလည်း ဆက်တိုက်‌ရောက်လာမယ်။ ရောက်လာလို့ ပြီးလည်းပြီးရော ဒီနှစ်မကုန်ခင်မှာ မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ ၅၀ ရာခိုင်နှုန်း ကို ကာကွယ်ဆေးထိုးပြီးသား ဖြစ်ရမယ်ဆိုပြီး နိုင်ငံတော်အစိုးရကလည်း ရည်မှန်းချက်တွေ ချထားပါတယ်။ အဲဒီအတိုင်းပဲ ကြိုးစားဆောင်ရွက်နေပါတယ်။

ဆရာတို့ကလည်း စာရင်းတွေကောက်ထားပါတယ် စာရင်းတွေအားလုံး ကာကွယ်ဆေးထိုးမယ့်သူတွေ အ‌ခြေအနေ ဘယ်လိုရှိလဲ။ မွန်ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးမထိုးရသေးတဲ့သူ ၂ သန်းကျော်ရှိပါတယ်။ ၁၈ နှစ်ပြည့်ပြီးတော့အဲဒီလူတွေကို ဆရာတို့က ကာကွယ်ဆေးထိုးဖို့အတွက်ကို သွေးတိုးရောဂါရှိသလား၊ နာတာရှည်ရောဂါရှိသလား။ ကင်ဆာရှိလား။ ကျောက်ကပ်ဆေးနေရသလား။ နောက်ပြီး ပြည်သူလူထုနဲ့ နေ့စဉ် ထိတွေ့နေရတဲ့ လုပ်ငန်းတွေရှိသလား။ ဟိုတယ်လုပ်ငန်းတွေ စားသောက်ဆိုင်လုပ်ငန်းတွေ ခေါင်းရွက်ဖျင်ထိုး ဈေးသည်တွေက ပြည်သူလူထုနဲ့ အဓိက ထိတွေ့နေတဲ့လူတွေပေါ့။ အဲလူတွေထဲမှာမှ အသက်ကြီးတဲ့လူတွေ၊ ရောဂါအခံရှိသူတွေကို ဦးစားပေးပြီး တဆင့်တိုင်း တဆင့် ထိုးပေးသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ကဏ္ဌကလည်း ကာကွယ်ဆေးတွေ ဝင်လာတဲ့အခါမှာ ထိုးလို့ရပါတယ်။ တစ်ချို့သော UN ဝန်ထမ်းတွေဆို UN က ထောက်ပံ့ကြေးတွေနဲ့ ကာကွယ်ဆေးတွေ ထိုးနေတာ ရှိပါတယ်။

မီဒီယာကနေ ပြည်သူလူထုကို ပြောချင်တာက သတိရှိပါ၊ အသိရှိပါ၊ တစ်ယောက်နဲ့ တစ်ယောက် အသိပေးပါ၊ သတိပေးပါ။ အားလုံး Mask ကို စနစ်တကျ တပ်ပါ။ လက်ကိုမကြာခဏဆေးပါ။ ဒီအချိန်ကို ပြိုင်တူတွန်းရင် ပြိုင်တူရွေ့ရင် တွန်းလှန်နိုင်မှာပါ။

အခုလို ဖြေကြားပေးတဲ့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးကို မွန်သတင်းအေဂျင်စီက အထူးပဲကျေးဇူးတင်ရှိပါတယ်။

Most read this week

May 20, 2024
မွန်ပြည်သစ်ပါတီ-စစ်အာရှင်တိုက်ဖျက်ရေး ( NMSP-AD ) သက်တမ်း ၃ လပြည့်အနေဖြင့် ပြည်တွင်းပြည်ပရှိ...
May 17, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီပွဲတော်အကြောင်းပြကာ ...
May 16, 2024
မွန်အမျိုးသားပညာရေးဌာနအောက်ရှိ စာသင်ကျောင်းတို့တွင် လာမည့်စာသင်နှစ်အတွက် သင်ကြားရေးဝန်ထမ်းအဖြစ်...
May 15, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိ ကုလားဂုတ်ကျွန်း၌ ငါးဖမ်းစက်လှေတို့နှင့်...