“အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်မှုမှာ အရေးကြီးတဲ့ Stake holder (အင်အားစုု) တွေဖြစ်တဲ့ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများ ကျန်ရှိနေသေးတယ်ဆိုတာကို သတိပေးလိုပါတယ်။ ကျွန်တော်တို့ NCA လက်မှတ်ထိုးထားသူတွေရဲ့ပါ၀င်မှုလောက်နဲ့ နိုင်ငံလွှမ်းခြံုပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က ပြောသည်။
NCA စာချုပ်ကို KNU(ကရင်အမျိုးသားအစည်းအရုံး)၊ DKBA(ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်)၊ ABSDF(မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) ၊ CNF(ချင်းအမျိုးသား တပ်ဦး)၊ PNLO(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်)၊ ALP(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) ၊ RCSS(ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ)နှင့် KNU/KNLA – PC (ကရင်အမျိုးသားအစည်း အရုံး-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ) တို့ လက်မှတ်ထိုးထားပြီး ဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “NCA ဆိုတဲ့ ထီးအောက်ထဲကို တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ရောက်နေပါပြီ။ နောက်ထပ် နောက်ထပ် အဖွဲ့တွေကိုလည်း ဒီထီးရိပ်အောက်ရောက်လာအောင် ကျွန်တော်တို့ ကြိုးပမ်းသွားမယ်ဆိုတာ ပြောထားပြီး ဖြစ်ပါတယ်” ဟု ပြောသည်။
NCA လက်မှတ်ရေးထိုးရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် အဆိုပြုချက်၉ချက်ကို သဘောတူရန်တောင်းဆိုထားပြီး ယခုအချိန်ထိ ညှိနှိုင်းသဘောတူညီမှု မရရှိသေးသဖြင့် Deed of Commitment-DoC လက်မှတ်ရေးထိုးနိုင်သည့် အဆင့်သို့ မတက်လှမ်းနိုင်သေးပေ။
ထို့ပြင် UWSA ‘၀’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် ရ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကလည်း NCA လမ်းကြောင်းအတိုင်းမလိုက်ဘဲ စာချုပ်အသစ်ရေးဆွဲရန် ထုတ်ပြန်ထားသော ပန်ခမ်းထုတ်ပြန်ချက်အတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီတွင် ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (MNTJP/MNDAA)၊ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(PSC/NDAA)၊ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) တို့ပါ၀င်သည်။







