ဝိုးတဝါးစင်ကာပူအိပ်မက်နဲ့ တချက်တချက် လွတ်ထွက်သွားခြင်း

ဝိုးတဝါးစင်ကာပူအိပ်မက်နဲ့ တချက်တချက် လွတ်ထွက်သွားခြင်း

စင်ကာပူဆိုတာ ပညာတတ်မြန်မာတွေအတွက် အင်မတန်အလုပ်လုပ်ချင်တဲ့ နိုင်ငံ။ မြန်မာအိမ်ဖေါ်တွေအတွက် လစာကောင်းကောင်းရနိုင်တဲ့ နိုင်ငံ။ မြန်မာမိဘအတော်တော်များများရဲ့ သူတို့သားသမီးတွေကို ကျောင်းတက် ကြီးပြင်းစေချင်တဲ့နိုင်ငံဖြစ်တယ်။ မြန်မာပြည်က ဘာသာရေးလူနည်းစုတွေ အင်မတန် နှစ်ခြိုက်ကြတဲ့နိုင်ငံ။ အဲ၊ မြန်မာထုံးစံအတိုင်း အားကိုးတကြီးနဲ့ သွားအလုပ်လုပ်မယ်၊ ကျောင်းတက်မယ်၊ ပိုက်ဆံရှာမယ်။ ထုံးစံအတိုင်း နည်းမျိုးစုံနဲ့ ရှာကြံအပြစ်ပြော‌ကြတာတွေတော့ အနည်းနဲ့အများ ရှိကြတယ်။ စင်ကာပူမှမဟုတ်ဘူး။ အင်္ဂလန်ရောက်ဗမာကလဲ အင်္ဂလန်အတင်းချတယ်။ အမေရိကားရောက်ဗမာတွေကလဲ ဒီနိုင်ငံမှာကတော့ဆိုပြီး အပြစ်မြင်တတ်ကြတယ်။

စင်ကာပူက မြန်မာပြည်နဲ့ နီးတယ်။ မြန်မာပညာတတ်တွေ သွားအလုပ်လုပ်လို့ရတဲ့ အနီးအနားက နိုင်ငံတွေထဲမှာ လစာအကောင်းဆုံးပေးတယ်။ အိမ်ဖေါ်တွေအတွက်ကလဲ ပြည်တွင်းမှာ အိမ်ဖေါ်လုပ်ရတာထက်စာရင် စင်ကာပူမှာ အိမ်ဖေါ်လုပ်ရတာ လစာအများကြီးပိုရတယ်။

ဆိုးသွမ်းရက်စက်တဲ့အိမ်ရှင်တွေရှိပေမယ့် ဥပ‌ဒေရဲ့ အကာအကွယ်က မြန်မာပြည်မှာထက် ပိုရတယ်။ စကားပြောဖူးတဲ့ အမေရိကားရောက် မြန်မာမိဘတွေကလဲ စင်ကာပူပညာရေးရဲ့ တင်းကြပ်မှုကို သိပ်ကြိုက်ကြတယ်။ သူတို့အမြင်အရ အမေရိကန်အထက်တန်းကျောင်းတွေက သိပ်လျော့ရဲလွန်းတယ်။ မြန်မာပြည်က ဘာသာရေးလူနည်းစုတွေကလဲ စင်ကာပူကို အတော်ကြိုက်ကြတယ်။ စင်ကာပူမှာ နိုင်ငံတော်ဘာသာမရှိဘူး။ ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။ ဘယ်ဘာသာကိုမှ ဘယ်ဘာသာထက် ပိုအရေးမပေးဘူးဆိုတော့ ဘာသာရေးတန်းတူညီမျှအခွင့် အရေးရတာကို သဘောကျကြတယ်။ သူတို့အပြင် ဘာသာရေးကိုင်းရှိုင်းတဲ့ မြန်မာတွေကလဲ စင်ကာပူကို အတော်ကြိုက်ကြတယ်။ စင်ကာပူက တိုးတက်တဲ့နိုင်ငံတနိုင်ငံအနေနဲ့ဆို တချို့နေရာတွေမှာ အတော်ရှေးဆန်တယ်။ လိင်တူဆက်ဆံမှုကို မကြိုက်ဘူး။ လူရှေ့သူရှေ့မှာ ဖက်ရမ်းနမ်းရှုတ်နေတာမျိုးကို သိပ်လက်မခံကြဘူး။ ပိပိပြားပြားရှိတယ်။ ဘာသာရေးကို ကြည်ညိုခွင့်ပဲရှိပြီး မကြည်ညိုရှုတ်ချခွင့် မရှိလှဘူးဆိုတော့ ကိုယ့်ဘာသာတရားကို လှောင်ပြောင်တဲ့လူမရှိတော့ ကြိုက်ကြတာပေါ့။

စင်ကာပူကို မြန်မာအစိုးရတွေကလဲ ကြိုက်ကြတယ်။ အရပ်သားအစိုးရပဲဖြစ်ဖြစ်၊ စစ်အစိုးရပဲဖြစ်ဖြစ် စင်ကာပူက သူ့ဆီမှာရှိတဲ့ မြန်မာတွေ မြန်မာပြည်ကအစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေလုပ်တာ လက်မခံဘူး။ မြန်မာအစိုးရကိုမှမဟုတ်ဘူး။ ဘယ်အစိုးရကိုမှ သူ့ဆီမှာ ဆန္ဒပြတာ လက်ခံပုံမရဘူး။ သူ့အစိုးရကို ဆန္ဒပြတာတွေလဲ မရှိဘူး။

စင်ကာပူမှာ ပိုက်ဆံရှိတယ်။ ဖန်တီးမှုအနုပညာမရှိဘူး။ စင်ကာပူရော၊ ဟောင်ကောင်ရောက အင်မတန်သေးငယ်ကြတယ်။ ပိုက်ဆံချမ်းသာကြတယ်။ လူမျိုးအခြေခံချင်းလဲ တူကြတယ်။ အများစုက တရုတ်လူမျိုးတွေ။ ဒါပေမယ့် ဟောင်ကောင်က ထွက်လိုက်တဲ့ ရုပ်ရှင်တွေဆိုတာ မနည်းမနောပဲ။ အနုပညာအရရော၊ ဝင်ငွေအရပါ အောင်မြင်တယ်။ ဂီတဆိုလဲ ကန်တုန်ပေါ့ပ်ဆိုပြီး အမျိုးအစားတခုကိုတောင် တီထွင်နိုင်တယ်။ စာပေဆိုလဲ ကျွန်တော်တို့ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ နဂါးနိုင်ဓါး၊ သိုင်းလောကရဲ့စိန်ခေါ်သံ စတဲ့ သမိုင်းနောက်ခံ ၀တ္တုတွေ၊ စာကောင်းပေကောင်းတွေ အတော်ထွက်တယ်။ စင်ကာပူမှာ အဲလို အနုပညာဖန်တီးမှုတွေ မရှိသလောက်ရှားတယ်။ ဒါပေမယ့် မြန်မာအများစုက ကျောင်းတက်ကတည်းက ပိုက်ဆံရနိုင်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာလို မေဂျာမျိုးကို တက်ချင်ကြတယ်ဆိုတော့ ပိုက်ဆံရှိဖို့က အနုပညာဖန်တီးမှုရှိဖို့ထက် ပိုအရေးကြီးတယ်လို့ သတ်မှတ်ကြတယ်။ အကောင်းဖက်ကတွေးရင်တော့ လက်တွေ့ကျတယ်လို့ ပြောနိုင်တယ်။

စင်ကာပူက အရမ်းသန့်ရှင်းပြီး စည်းကမ်းရှိတယ်။ စင်ကာပူမှာ အစိုးရကိုဝေဖန်ဖို့ ခက်တယ်။ ဆန္ဒပြပွဲတွေလုပ်ဖို့ ဥပဒေအရ ခွင့်ပြုပေမယ့် အနောက်နိုင်ငံတွေမှာလောက် မလွယ်ဘူး။ ဒါပေမယ့် စင်ကာပူက အရမ်းသန့်တယ်။ အရမ်းစည်းကမ်းရှိတယ်။ ဆန္ဒမပြရတာ ဘာအရေးလဲလို့ တချို့ကပြောကြတယ်။ သန့်ရှင်းမှုနဲ့ စည်းကမ်းရှိဖို့ကို လွတ်လပ်မှုနဲ့ လဲမယ်ဆို လဲချင်တဲ့လူတွေ ရှိတယ်။

စင်ကာပူမှာ ပညာတတ်နှုန်း အရမ်းများတယ်။ အင်္ဂလိပ်လိုမပြောတတ်တဲ့ လူငယ်ဆိုတာ မရှိဘူး။ ကျန်းမာရေးနဲ့ မညီညွတ်လောက်အောင် ၀နေတဲ့လူလဲ ရှားတယ်။ စင်ကာပူမှာ ၀ိုင်အရက်က ဈေးကြီးပေမယ့် အခြေခံစားသောက်ကုန်တွေက ရတဲ့ဝင်ငွေနဲ့ဆိုရင် အတော်ကို ဈေးသက်သာတယ်။ အသား၊ ငါး၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ် သူ့ဆီမှာ မထွက်ပေမယ့် သူ့ဆီမှာ မြန်မာပြည်မှာထက် ဝင်ငွေအရ ဈေးသက်သာတယ်။ စင်ကာပူက ချမ်းသာတဲ့နိုင်ငံတွေထဲမှာ အိမ်ယာပိုင်ဆိုင်မှု အများဆုံးနိုင်ငံတွေထဲမှာပါတယ်။ များသောအားဖြင့် အိမ်ပိုင်ဆိုင်တဲ့နှုန်းက ချမ်းသာတဲ့နိုင်ငံတွေမှာ နည်းတတ်တယ်။ ဈေးကြီးတာရယ်။ အိမ်ငှားတွေရဲ့ ရပိုင်ခွင့်တွေက အတော်ခိုင်ခိုင်မာမာရှိကြတာရယ်ကြောင့် အိမ်ပိုင်ဆိုင်မှု နည်းတတ်တယ်။

အိမ်ပိုင်တယ်။ ပညာတတ်တယ်။ စည်းကမ်းရှိတယ်။ ချမ်းသာတယ်။ လူမျိုးရေးပြဿနာတွေ မရှိဘူးဆိုတဲ့ စင်ကာပူကို အာရှအစိုးရတွေ အရမ်းကြိုက်ကြတယ်။ သူတို့နိုင်ငံတွေကို စင်ကာပူလို ဖြစ်ချင်ကြတယ်။ တရုတ်ပြည်ကြီးကို စီးပွါးရေးတံခါးဖွင့်ပေးခဲ့တဲ့ တိန့်ရှောင်ဖိန်က စင်ကာပူကို မော်ဒယ်လ်ထားကြည့်တယ်။ မြန်မာပြည်ကလဲ စင်ကာပူကို အားကျတယ်။ ပြဿနာတခုက စင်ကာပူဆိုတာ နိုင်ငံသေးသေးလေး။ ရန်ကုန်မြို့က ၂၂၂ စတုရန်းမိုင်၊ စင်ကာပူက ၂၈၂ စတုရန်းမိုင်။ မြန်မာပြည်က စင်ကာပူထက် အဆတထောင်လောက် ပိုကြီးတယ်။ တရုတ်ပြည်နဲ့ စင်ကာပူဆိုရင်တော့ ပြောမနေနဲ့တော့။ စင်ကာပူရဲ့ အဓိကလူမျိုးတွေက တရုတ်၊ အိန္ဒိယနဲ့ မလေးနွယ်ဖွားတွေ။ မြန်မာပြည်မှာက ဒီထက် လူမျိုးအုပ်စုအများကြီးပိုတယ်။ တရုတ်က မြန်မာထက် အများကြီးပိုနေသေးတယ်။

စင်ကာပူက ဘာနဲ့တူလဲဆိုတော့ တဦးတည်းသောကလေးကို ကြည့်ရတဲ့ ချမ်းသာတဲ့ ပညာတတ်မိဘနဲ့ တူတယ်။ ကလေးက တယောက်ထဲ။ မိဘက ပညာလဲတတ်၊ ချမ်းလဲချမ်းသာဆိုတော့ အောင်မြင်အောင် လုပ်ပေးဖို့ဆိုတာ သိပ်မခက်လှဘူး။ မြန်မာပြည်ကကျတော့ ကလေးတဒါဇင်လောက်မွေးထားတဲ့ ဆင်းရဲသားမိဘနဲ့တူတယ်။ မသေရုံတမည် စားဖို့တောင် မနည်းရှာနေရတာ၊ ကလေးတွေ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ဖို့မပြောနဲ့။ ဆယ်တန်းမအောင်ခင် အလုပ်ထွက်ပြီး အိမ်အတွက် ဝိုင်းကူခိုင်းဖို့တောင် စဉ်းစားနေရမယ့်အနေအထား။

ကိုယ့်နိုင်ငံနဲ့ အနေအထားခြင်းမတူတဲ့ စင်ကာပူကို သွားပြီးအားကျတော့ အတော်ခက်ကုန်တယ်။ စင်ကာပူက နိုင်ငံသေးသေးလေးဖြစ်ပြီး ချမ်းသာဖွံ့ဖြိုးတိုးတက်တယ်ဆိုရင် ငါတို့လို သယံဇာတပေါကြွယ်၀ပြီး လူပိုများတဲ့နိုင်ငံက ဘာလို့ မတိုးတက်နိုင်ရမှာလဲဆိုတဲ့ အတွေးတွေ ဝင်ကုန်တယ်။ စင်ကာပူက နိုင်ငံသေးသေးလေးနဲ့ ချမ်းသာလာတာမဟုတ်ဘူး။ စင်ကာပူက နိုင်ငံသေးသေးလေးမို့လို ချမ်းသာလာတာလို့ ပြောလို့ရတယ်။ စင်ကာပူအရွယ် နိုင်ငံလေးတွေ အကုန်ချမ်းသာကြတယ်။ သူ့လောက်တော့ တိုးတက်ချင်မှ တိုးတက်မယ်။ သယံဇာတရှိတဲ့ စင်ကာပူထက်ကြီးတဲ့ နိုင်ငံတွေထဲမှာ ဆင်းရဲမွဲတေတဲ့နိုင်ငံတွေ အတော်ကိုရှိတယ်။ ဆင်းရဲတဲ့နိုင်ငံတနိုင်ငံမှာ သယံဇာတလဲ အတော်ရှိပြီဆိုရင် အာဏာရှင်အစိုးရ၊ ဒါမှမဟုတ် အလုပ်မဖြစ်တဲ့ ဒီမိုကရေစီအစိုးရတွေ ကြီးစိုးမင်းမူတတ်ကြတယ်။

မိတ်ဆွေအမျိုးသမီးတယောက်နဲ့ စကားပြောဖူးတယ်။ သူက အခု အလေးချိန်တွေ တက်နေတယ်တဲ့။ တနေ့ကို တနာရီလောက် ပြေးပြေးပေးရင်ကောင်းမယ်တဲ့။ ကျွန်တော်က အတော်ရယ်ချင်မိတယ်။ အကျင့်မရှိ၊ ပြေးနေမကျ၊ ခပ်၀၀ဆိုရင် တနာရီမပြောနဲ့။ ငါးမိနစ်ပြေးပြီးရင်တောင် ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်လာပြီ။ နှစ်ရက်လောက်ဆက်တိုက်ပြေးပြီးရင် နောက်ထပ်ထပ်မပြေးချင်တဲ့စိတ်တွေ ဝင်လာလောက်အောင် လူက ပင် ပန်းနွမ်းနယ်လာပြီ။ အဲဒါကို မသိ၊ နားမလည်၊ မဆင်ခြင်မိဘဲ ခပ်၀၀လူတယောက်က ခပ်တောင့်တောင့်လူတယောက်ကို တွေ့လိုက်တော့ အားကျမာန်တက်ပြီး ငါလဲ အဲလိုဖြစ်အောင်လုပ်ဖို့ သိပ်မခက်ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို တွေးမိမယ်ဆိုရင်တော့ အတော်မှားမယ်။ ခပ်တောင့်တောင့်ဖြစ်အောင်လုပ်ရတာ ဝဋ်ခံသလို နေရ၊ စားရတယ်။ လေ့ကျင့်ခန်းတွေလုပ်ရတယ်။ အင်မတန်ခက်ခဲတယ်။ ဒါတွေကို လိုက်လုပ်ဖို့ဆိုတာ အတော်ခက်တယ်။ အဲ။ လွှတ်ခနဲ ခပ်လွတ်လွတ်ပြောလိုက်ရတာတော့ အတော်လွယ်တယ်။

မြန်မာတွေလဲ စင်ကာပူကို အားကျကြတယ်။ ငါတို့တိုင်းပြည်မှာ အစိုးရကောင်းကောင်းရှိမယ်ဆိုရင် သူတို့ကို အသာလေးသာနိုင်တယ်ဆိုပြီး ကြွေးကြော်ကြတယ်။ လူထုရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အရပ်သားအစိုးရလက်ထက်မှာ စင်ကာပူကို ဆယ်စုနှစ်အနည်းငယ်အတွင်း မှီအောင်လိုက်ရမယ်ဆိုတဲ့ လူ၀ကြီး မနက်ထပြေးမယ်ဆိုတဲ့ အတွေးကလွဲလို့ ဘာမှ မယ်မယ်ရရ မဖြစ်ခဲ့လိုက်ဘူး။ ဒေသတွင်းမှာ မြန်မာထက် ပိုစောပြီး တိုးတက်ဖွံ့ဖြိုးနေတဲ့ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ အစိုးရတွေက သူတို့နိုင်ငံတွေ ဘယ်နှစ်နှစ်အတွင်း စင်ကာပူကို မှီစေရမယ်ဆိုပြီး ကြွေးကြော်တာ မကြားဖူး၊ မဖတ်ဖူးဘူး။ သူတို့နိုင်ငံကို သူတို့ဘာသာသူတို့ တိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားကြတယ်။ သူတို့တိုးတက်အောင် ကြိုးစားနေချိန်မှာ စင်ကာပူကလဲ ငုတ်တုတ်ကြီးနဲ့ သူ့ကို ကျော်ကြပါလို့ ထိုင်စောင့်နေတာမဟုတ်ဘူးဆိုတာ သူတို့သိကြတယ်။

လွတ်လပ်တဲ့ အရပ်သားအစိုးရလက်ထက်မှာတောင် ဘာမှမဖြစ်ခဲ့ဘူးဆိုတော့ သူများဆီက အာဏာကို လက်နက်အားကိုးနဲ့ မတရားသိမ်းထားတဲ့ စစ်အစိုးရလက်ထက်မှာတော့ မြန်မာပြည်ရဲ့ စင်ကာပူအိပ်မက်က ပိုဝေးသထက်ဝေးလာရောပါ့။ စစ်အာဏာရှင်ကတော့ အခုထက်ထိ စင်ကာပူကို ဘယ်လိုကျော်မယ်၊ ဘယ်လိုဖြတ်မလဲဆိုတဲ့ ကြွေးကြော်ချက် မထုတ်သေးဘူး။ မေ့နေတာလား။ မတရားသိမ်းထားတဲ့ အာဏာမြဲအောင် အာရုံစိုက်နေရလို့လား။ ပြောပြီးမဖြစ်လာရင် အရှက်ကွဲမှာစိုးလို့လား။ တခုခုတော့ တခုခုပဲ။

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...