မြန်မာပြည် ဈေးကြီးလှသည် (၂)

မြန်မာပြည် ဈေးကြီးလှသည် (၂)

မြန်မာပြည်မှာ နေစရိတ်က ဈေးကြီး၊ စားစရိတ်က မသက်သာ။ ကြက်ဥတလုံး ၁၄၀ ကျပ်ဆိုပေမယ့် တနေ့ဝင်ငွေက ကျပ် ၅ ထောင်။ အဲလိုဆိုတော့ ကျပ် ၁၄၀ ဆိုတာ တနေ့ ကျပ် ၁ သိန်း ၈ သောင်းဝင်တဲ့ ဆန်ဖရန်စစ္စကိုမြို့က အောက်ခြေသိမ်းဝန်ထမ်းတယောက် ပေးနေရတဲ့ ကြက်ဥတလုံး ကျပ် ၄၀၀ ဆိုတာထက် ပိုဈေးကြီးနေတယ်။ မြန်မာပြည်မှာ စားစရိတ်နဲ့ နေစရိတ်တွေက ဈေးကြီးလွန်းတော့ သားသမီးတွေကလဲ အိမ်ထောင်ကျပြီး အိမ်ခွဲမနေနိုင်။ ဖေဖေ၊ မေမေတွေနဲ့ပဲ ဆက်နေကြ။ ဒီမှာ စတုရန်းပေ ၆၀၀ ကျော်တိုက်ခန်းတွေမှာ တယောက်ထဲနေနေတဲ့ သူငယ်ချင်းတွေ ကျဉ်းလှချည်ရဲ့ဆိုပြီး ညဉ်းညူကြရင် သူတို့ကို ပြောပြဖြစ်တယ်။ ငါကြီးပြင်းလာရတဲ့ ရန်ကုန်မှာ တိုက်ခန်းတခန်းက ပျမ်းမျှဆို ၁၂.၅ x ၅၀ ပေ။ စတုရန်းပေအားဖြင့်ဆို ၆၂၅။ နည်းနည်းပိုကျယ်တဲ့ တိုက်ခန်းက ၁၅ x ၆၀ ပေဆိုတော့ စတုရန်းပေအားဖြင့်ဆိုရင် ၉၀၀။

အဲလို တိုက်ခန်းမျိုးတွေမှာ ဖေဖေ၊ မေမေရယ်။ သား၊ ဒါမှမဟုတ် သမီးရယ်။ သူတို့ အိမ်ထောင်ဖက်တွေရယ်။ သူတို့ သားသမီးတွေရယ် နေကြရတာလို့။ တချို့အိမ်တွေဆိုရင် ဖိုးဖိုး၊ ဖွားဖွားပါ ပါလိုက်သေးတယ်။

မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလဲ မညီမျှတဲ့အခါကျတော့ ရန်ကုန်ကိုပဲ လူတွေက စုပြုံတိုးနေပြီး ရန်ကုန်ကနေ အခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်သူတွေက မရှိသလောက်နည်းနေတယ်။ ရန်ကုန်က တိုက်ခန်းတွေက ငါးသေတ္တာဗူးတွေလို ဖြစ်လာကုန်တယ်။ လူတွေ ပြွတ်ကျပ်ညှပ်၊ မလှမပ၊ ဘယ်လောက်ခိုင်ခန့်သလဲဆိုတာလဲ မသိရတဲ့ တိုက်ခန်းတွေကလဲ နေရာအနှံ့။ ရန်ကုန်ရောက်တော့ တိုက်တတိုက်နောက်ဖက်က အရေးပေါ်လှေကားဆိုတာ တွေ့မိလိုက်တော့ ရယ်လဲရယ်ချင်တယ်။ စိတ်လဲမကောင်းဘူး။ ကြောင်တကောင်အလေးချိန်တောင် ခံနိုင်ချင်မှ ခံနိုင်မယ့်လှေကား။ အဲ၊ လှေကားနဲ့ ဆင်းပြေးရရင်တော့ အသက်အန္တရယ်ရှိဖို့က အတော်ကို ရာနှုန်းများနေတယ်။ သူငယ်ချင်းတယောက်ကတော့ ပြောတယ်။ အာဏာပိုင်ကလဲ လှေကားရှိရင်ပြီးရောလို့ သတ်မှတ်တယ်။ ကန်ထရိုက်တာနဲ့ အင်ဂျင်နီယာကလဲ အဖြစ်၊ ပါတယ်ဆိုရုံလေး ထည့်ပေးထားတယ်တဲ့။

ပြွတ်ကျပ်ညှပ်လွန်းအားကြီးတော့ ကျွန်တော်ကြီးခဲ့တုန်းကလို လမ်းပေါ်မှာ ပြေးလွှားဖို့ဆိုတာ နေရာမရှိတော့ဘူး။ ဘောလုံးလဲကန်ဖို့ ခက်လာတယ်။ ခြင်းခတ်ဖို့လဲ နေရာအတော်ရှား။ ညီအကိုလိုခင်တဲ့ မိတ်ဆွေတယောက်က သူ့သား မြေကြီးနဲ့ ရွှံ့ဗွက်တွေနဲ့ ဆော့ချင်တယ်ဆိုတော့ ဟိုရှာ၊ ဒီရှာနဲ့ နေရာရှာမတွေ့ဘူးတဲ့။ နောက်တယောက်ကတော့ပြောတယ်။ ကလေးတွေက အခု ခြေထောက်နဲ့ ဘောလုံးမကန်တော့ဘူးတဲ့။ ပီအက်စ်တူးတွေနဲ့ ကွန်ပြူတာပေါ်မှာ ကန်နေကြတာတဲ့။

ပြည့်ကျပ်ညှပ်ဘ၀မှာ နေနေရတော့ မိဘနဲ့ မခွဲမခွါ ချစ်ချစ်ခင်ခင်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေကလဲ ပြကြရတာပေါ့။ မိဘကို ဘယ်လိုပြုစုသလဲတော့ မသိဘူး။ မိဘအိမ်မှာနေတော့ အိမ်စရိတ်မပေးရဘူး။ ကလေးထိန်းဖို့ အလုပ်သမားမလိုဘူး။ ဒီကြားထဲ မိဘက ဈေးဖိုးပေးတဲ့အပြင် ထမင်း၊ ဟင်းပါ ချက်ကျွေးလိုက်သေးတယ်။ တအိုးတအိမ်ထူထောင်တယ်ဆိုတာ စာအုပ်၊ စာပေတွေထဲမှာပဲ ရှိတော့ပုံပေါ်တယ်။

စားဝတ်နေရေးတင် ဈေးကြီးသလားဆိုတော့ မဟုတ်ပြန်ဘူး။ ကျန်းမာရေးစရိတ်ကလဲ အတော်ကိုကုန်ကျတယ်။ ပုံမှန် လက်လုပ်လက်စားတင်မကဘူး။ တလ ၁၀ သိန်းဝန်းကျင်နဲ့ ရုံးတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းသူငယ်ချင်းတွေကို မေးကြည့်မိတယ်။ မင်းတို့ နေထိုင်မကောင်းဖြစ်ရင် ကုန်ကျမယ့်အသုံးစရိတ်အတွက် ဘယ်လိုစီစဉ် စုဆောင်းကြသလဲဆိုတော့ တချို့က ရယ်တယ်။ စားဖို့သောက်ဖို့၊ အိမ်စရိတ်၊ ကလေးစရိတ်နဲ့တင် လုံးလည်ချာလပတ်ရမ်းနေတာ။ နေထိုင်မကောင်းဖြစ်ရင် ဆေးကုဖို့ဆိုတာကို နေထိုင်မကောင်းမဖြစ်မချင်း မတွေးနိုင်ဘူးတဲ့။

အဖေကတော့ ပြောဖူးတယ်။ မြန်မာပြည်မှာနေတာ မျက်စိတဆုံး ကြည့်လို့မရဘူးတဲ့။ မင်းရူးသွားလိမ့်မယ်တဲ့။ မျက်တောင်မွှေးတဆုံးလောက်ပဲ ကြည့်တဲ့။ မရေရာ၊ မသေချာလွန်းတဲ့ဘ၀မှာ နေနေကြရတော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ပစ္စုပ္ပန်မှာနေထိုင်ခြင်းဆိုတဲ့ အဆုံးအမကို အကြီးအကျယ် လိုက်နာကြတယ်။

မြန်မာပြည် ဈေးကြီးလှသည်

တချို့ကတော့ပြောတယ်။ စုလဲ ဘယ်လောက်စုနိုင်မှာလဲတဲ့။ ဘာဖြစ်မှန်း၊ ဘာလိုမှန်းမှ မသိတာတဲ့။ မင်းတို့ဆီမှာရောလို့ ပြန်မေးကြတယ်။ မဆလခေတ်မှာ မူလတန်းတက်ခဲ့ရပြီး န၀တခေတ်မှာ အထက်တန်းတက်၊ အရွယ်ရောက်ခဲ့ရတော့ တို့ဗမာ အတွေးအခေါ်၊ အသင်အပြ၊ အဆုံးအမတွေနဲ့ ကြီးခဲ့ရတယ်။ ကြားခဲ့ရတာတခုက အမေရိကားမှာ ပိုက်ဆံမရှိရင် အသေထားလိုက်တယ်။ မကုပေးဘူးတဲ့။ မေတ္တာတရားမရှိကြဘူးတဲ့။ ဒီရောက်လာပြီး ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် မြင်တွေ့လာရတော့ ငယ်ငယ်က ကြားဖူးခဲ့တာတွေက အတော်မမှန်ဘူးဆိုတာ သိလာရတယ်။ အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှုမှာ အားနည်းချက်တွေရှိတယ်။ ဥရောပတိုက်နဲ့နှိုင်းယှဉ်ရင် လိုအပ်ချက်တွေရှိတယ်။ ဒါပေမယ့် ဆေးရုံရောက်နေတဲ့လူနာကို ပိုက်ဆံမပေးလို့ အသေတော့မခံဘူး။ ဥပဒေအရ အဲဒါ အပြစ်ရှိတယ်။ လုပ်လို့ကိုမရဘူး။

အမေရိကားမှာ ပုံမှန်အလုပ်လုပ်တဲ့လူအများစုက သူတို့အလုပ်ကရတဲ့ ကျန်းမာရေးအာမခံရှိတယ်။ တချို့အာမခံတွေက တချို့အာမခံထက် ပိုကောင်းတယ်။ ကောင်းမကောင်းပေါ်မှာမူတည်ပြီး ဆရာဝန်သွားပြရင်၊ ဆေးရုံတက်ရရင် ကိုယ့်ဖက်က စိုက်ပေးရတယ်။ များသောအားဖြင့်တော့ ဆရာဝန်သွားပြတာမျိုးကနေစလို့၊ ကလေးမွေးတာမျိုးအလယ်၊ နှလုံးမှာ စက်တပ်တာမျိုးအဆုံး ကိုယ့်ဖက်က ကုန်ကျစရိတ်နဲ့ယှဉ်ရင် မပြောပလောက်တဲ့ ငွေကြေးကိုပဲ စိုက်ပေးတတ်ရတယ်။ ဆေးဝယ်တယ်ဆိုလဲ ဒီလိုပဲ။ ကိုယ့်ဖက်က နည်းနည်းပဲ စိုက်ပေးရတယ်။

အလုပ်မရှိသူတွေ၊ မရှိဆင်းရဲသားတွေဆိုရင်တော့ အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေကို လျှောက်ကြတယ်။ အဲအစီအစဉ်တွေက လစဉ်ကြေးအနည်းငယ်ကနေ လစဉ်ကြေးမယူတာအထိ ရှိတတ်တယ်။ အလုပ်ပြန်ရရင်၊ လစာကောင်းလာရင်တော့ အဲအစီအစဉ်တွေကို ဆက်သုံးလို့မရတော့ဘူး။ အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုက ရှိသမျှရောဂါအကုန်လုံးကို မကုပေးဘူးဆိုပေမယ့် တော်ရုံတန်ရုံ ဖျားနာတာမျိုးကနေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခွဲစိတ်ကုသမှုတွေအထိ တာဝန်ယူလုပ်ပေးတတ်တယ်။ ဆင်းရဲလွန်းလို့ အစိုးရအစီအစဉ်နဲ့ ဆေးကုရပြီဆိုရင်တော့ ကိုယ့်ဖက်က ဘာမှမပေးရသလောက်ပဲ။

ခွဲစိတ်ကုသမှု ကြီးကြီးကျယ်ကျယ်လုပ်ထားရတယ်ဆိုရင် အိမ်တန်းပြန်မပို့ဘဲ နလန်ထဋ္ဌာနတွေကိုပါ ကျန်းမာရေးအာမခံကနေပဲဖြစ်ဖြစ်၊ အစိုးရအစီအစဉ်အရပဲဖြစ်ဖြစ် ပို့ပေးတတ်တယ်။ အဲမှာ တပတ် ၁၀ ရက်နေ တချို့ဆို တလကိုးသီတင်း ကြာသွားတဲ့အထိနေပြီးမှ အိမ်ပြန်ကြတယ်။

ကိုယ်ပိုင်အလုပ်လုပ်ပြီး ငွေကြေးအဆင်ပြေတဲ့လူတွေကတော့ ကျန်းမာရေးအာမခံဝယ်ပေးမယ့် အလုပ်ရှင်သူ‌ေဋ္ဌးလဲမရှိ၊ အစိုးရကလဲ မရှိဆင်းရဲသားလို့ မသတ်မှတ်တော့ ကိုယ့်ဘာသာကိုယ် ကျန်းမာရေးအစောင့်အရှောက် ဝယ်ရတယ်။

ရန်ကုန်မှာ ဆရာဝန်တခါပြရင် ရပ်ကွက်ထဲက ရိုးရိုးဆရာဝန်ဆိုရင် ၆ ထောင်ဝန်းကျင် အနည်းဆုံးပေးရတယ် ဆိုတော့ တနေ့ ၅ ထောင်ကျပ်ဝန်းကျင်ရတဲ့ ဆင်းရဲသားတယောက်က တရက်လုံးလုပ်တောင် ဆေးခန်းပြဖို့ မလောက်သေးဘူး။ အထူးကုဆီပြရင် အထူးပေးရတယ်ဆိုတော့ အနည်းဆုံး ၂ ဆလောက်ပိုကုန်တယ်။ အထူးကုတယောက်ဆီမှာ ပြဖို့ဆိုရင် တရက်လုပ်မှ ငွေ ၅ ထောင်ရတဲ့ နေ့စားတယောက်က သူ့လုပ်ခရဲ့ အနည်းဆုံး ၃ ရက်စာကို သုံးရမယ်။ ဒီမှာ ဆရာဝန်သွားပြရင် ကိုယ့်အလုပ်ရှင်က ဈေးပေါတဲ့အာမခံ ဝယ်ပေးထားရင် (အခြေခံဝန်ထမ်း) တရက်လုပ်ခရဲ့ ၃ ပုံ၁ ပုံ လောက်ကုန်တယ်။ ကိုယ့်ကျန်းမာရေးအာမခံက ကောင်းရင်တော့ တနေ့ဝင်ငွေရဲ့ ၁၅% လောက်ပေးရတယ်။ ဒီမှာ တနာရီ၊ နှစ်နာရီလောက် လုပ်လိုက်တာနဲ့ ဆရာဝန်ပြလို့ရပြီဆိုတဲ့အချိန်မှာ ရန်ကုန်မှာတော့ တရက်လုံးလုပ်တာတောင် ရပ်ကွက်ထဲက ရိုးရိုးဆရာဝန်ပြဖို့ မလောက်ငှပြန်ဘူး။

ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်မှားလို့၊ ဆေးရုံရဲ့ ကုသမှုမှားလို့ လူနာဖက်က လျော်ကြေးပြန်ရတာတို့၊ လူသိရှင်ကြား ပြန်တောင်းပန်ခံရတာတို့ကို ထည့်မတွက်ထားသေးဘူး။ ရန်ကုန်က ဘွဲ့တွေတသီကြီးရထားတဲ့ ပါမောက္ခ အထူးကုဆရာဝန်ကြီးတယောက် ပြောခဲ့ဖူးတာ မှတ်မိသေးတယ်။ မြန်မာပြည်မှာ ဆေးကုရတာ အန္တရယ်ကင်းတယ်တဲ့။ ပြဿနာရှာခံရတာမရှိဘူးတဲ့။ ကိုယ့်ကြောင့် တခုခုဖြစ်သွားရင်တောင် လူနာရဲ့မိသားစုက မျက်နှာငယ်လေးနဲ့ ဆရာကြီးရယ်၊ ဆရာကြီးလူနာတော့ ဒီလိုဖြစ်သွားပြီ၊ ဟိုလိုဖြစ်သွားပြီ၊ ဆုံးပါးသွားရှာပြီ စသဖြင့် ပြောတတ်ကြတယ်တဲ့။ ပိုက်ဆံလဲ သောက်သောက်လဲရတယ်။ အကန်တော့လဲ ခံရသေးတယ်ဆိုတော့ သူက နိုင်ငံခြားမှာ ဆရာဝန်သွားလုပ်ဖို့ စဉ်းကိုမစဉ်းစားဖူးဘူးတဲ့။

တိုင်းပြည်ရဲ့ လုပ်အားလခနဲ့ နှိုင်းယှဉ်ရင် ဆေးကုဖို့ပေးရတဲ့ပိုက်ဆံက နင့်ကနဲ။ လူနာတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးကကျတော့ မယ်မယ်ရရ မရှိလှပြန်ဆိုတော့ မိအေးနှစ်ခါနာဆိုသလိုမျိုးများ ဖြစ်နေမလားပဲ။

အနာဂတ်မှာ ကိုယ့်ကျန်းမာရေးက ဘာဖြစ်လာနိုင်မလဲ မသိဘူး။ ကျန်းမာသန်စွမ်းဖို့ မကျိန်းသေပေမယ့် မကျန်းမာရင်တော့ ငွေထုတ်ပိုက်လိုက်ရဖို့ အတော်ကျိန်းသေတယ်။ မြန်မာပြည်တော့ မသိဘူး။ အမေရိကားမှာ နေနေတာကြာပြီဖြစ်တဲ့ တရုတ်သူငယ်ချင်းတယောက်က တရုတ်ပြည်ပြန်သွားလည်ရင်းနဲ့ ဖျားပါလေရောတဲ့။ အဲဒါနဲ့ ဆေးရုံသွားပြတော့ သူ့နာမည်ကို မခေါ်လို့ ထိုင်စောင့်နေတာ အတော်ကြာလာတော့ မြို့ထဲက အသိတယောက်ကို ဖုန်းဆက်လှမ်းမေးကြည့်တယ်။ သူထိုင်နေတာက ဆေးရုံကကောင်တာစားပွဲနဲ့ အတော်နီးတယ်တဲ့။ အခုထက်ထိ မခေါ်သေးဘူး။ ဘာဖြစ်လို့လဲလို့ မေးကြည့်တော့ သူ့သူငယ်ချင်းက မင်းငွေသွင်းပြီးပြီလားလို့ မေးတယ်တဲ့။ သူက မသွင်းရသေးဘူး။ ဆရာဝန်နဲ့တွေ့ပြီးမှ ပေးရမှာမဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူးတဲ့။ အရင်သွင်းရတာတဲ့။ အဲဒါနဲ့ သူလဲ ငွေသွားသွင်းပြီးရော မိနစ်ပိုင်းအတွင်း သူ့နာမည်ခေါ်တယ်တဲ့။ အာရောဂျံ ပရာမံလာဘံဆိုတဲ့ဆိုရိုးကို ပိုက်ဆံမရှိရင် အသေခံဆိုတဲ့ကာရန်နဲ့ ညှိရတဲ့ဘ၀တွေမှာ နေနေရသူတွေကို ရှေးဘ၀ကုသိုလ်ပေပဲပေါ့လို့ သွားပြောမိရင် ဖြေသိမ့်စရာဖြစ်မလား။ ဒေါသထွက်လွန်းလို့ ပိတ်များအကန်ခံရနိုင်မလားလို့ တွေးကြည့်မိတယ်။

(စာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှ လူမှုဖူလုံရေးဝန်ထမ်းတဦးဖြစ်သည်။ University of California တွင် သတင်းစာပညာကို လေ့လာခဲ့ပြီး University of San Francisco မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး သုံးပွင့်ဆိုင်ဆက်နွယ်မှုကို အထူးစိတ်ဝင်စားပြီး အာရှတိုက်နှင့် အနောက်နိုင်ငံများ၏ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ဦးစားပေးမူဝါဒများ affirmative actions ကို စောင့်ကြည့်လေ့လာသူတဦးလည်းဖြစ်သည်။)

 
 

 

 

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...