CDM ပြုလုပ်နေတဲ့ တွဲဖက်တရားသူကြီး ဦးကောင်းမြတ်သူနှင့် အင်တာဗျူး

CDM ပြုလုပ်နေတဲ့ တွဲဖက်တရားသူကြီး ဦးကောင်းမြတ်သူနှင့် အင်တာဗျူး

"ကျွန်တော်တို့ တရားရေးမှာလုပ်ခဲ့တဲ့ကာလမှာလဲ ဘယ်လောက်ပဲ အကောင်းဆုံးလုပ်ခဲ့လုပ်ခဲ့ ပြည်သူတွေက အကောင်းမပြောခဲ့ဘူး CDM မလုပ်တဲ့သူတွေ အဲ့ဒီအချက်တွေ ကြည့်ကောင်းကြည့်လိမ့်မယ်၊ ဒါပေမယ့် ဒါက နိုင်ငံရေးမဟုတ်ဘူး နိုင်ငံ့အရေးဖြစ်သွားပြီ ကိုယ်လုပ်နေတဲ့အလုပ်က တရားဥပဒေအလုပ်ကို လုပ်နေတာဖြစ်တယ် ရှင်းရှင်းပြောရရင် ဓမ္မနဲ့အဓမ္မကို တွဲပြီးလုပ်နေရတဲ့အလုပ် ဒါကို ဘာကြောင့်မမြင်ရတာလဲ"

အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီးကာလမှာ ဒုတိယမြောက်အစောဆုံး CDM ပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ တွဲဖက်တရားသူကြီး ဦးကောင်းမြတ်သူကို မဇ္ဈိမသတင်းဌာနမှ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

ဦးကောင်းမြတ်သူဟာဆိုရင် လက်ရှိ စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ မြေအောက်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်သလို လက်ရှိ တရားရေးမဏ္ဍိုင်တည့်မတ်ဖို့ တရားရေးက CDM သမားတွေနဲ့ပူးပေါင်းပြီး သမဂ္ဂဖွဲ့စည်းလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် အရင်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ပြည်သူ့အတွက် ဥပဒေပညာဆိုင်ရာ အခြေခံသင်တန်း‌တွေ၊ ဥပဒေစာကြည့်တိုက်တွေအပါအဝင် တရားရေးကိစ္စတွေမှာ ရှမ်းဘာသာစကားအဖြစ်‌ ပြောင်းလဲပေးခဲ့တဲ့အတွက် ရှမ်းပြည်နယ် တရားလွှတ်တော်တရားကြီးချုပ်မှ တရားရေးဝန်ဆောင်မှုပေးခြင်းလုပ်ငန်းနဲ့ အများပြည်သူလေးစားအောင် လုပ်ဆောင်သော တရားသူကြီးဂုဏ်ပြုဆုအား ၂၀၁၉ ခုနှစ်မှာရရှိခဲ့သလို ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း စာကြည့်တိုက်အတွက် ရန်ပုံငွေရှာပေးခဲ့လို့ ပြည်နယ်အစိုးရမှ စီမံထူးချွန်ဆုကို ၂၀၂၀ မှာ ပေးအပ်ခဲ့တဲ့အတွက် စတဲ့ထူးချွန်ဆုတွေကို ရရှိထားတဲ့သူတစ်ဦးဖြစ်ပါတယ်။

မေး။ ။ဆရာကတရားသူကြီးထဲမှာ ဒုတိယမြောက်အစောဆုံး CD Mလုပ်တဲ့ တရားသူကြီးဖြစ်တဲ့အပြင် အာဏာသိမ်းစစ်ကောင်စီကိုတောက်လျှောက် တော်လှန်နေတာလဲတွေ့ရလို့ ဘယ်လိုပုံစံမျိူးနဲ့ တော်လှန်ရေးမှာပါဝင်နေသလဲ။

 ဖြေ။ ။ကျွန်တော် ချောင်းဦးမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တော့ အဲ့ဒီမှာရှိတဲ့ ပင်မသပိတ်စစ်ကြောင်းမှာ လူထုတိုက်ပွဲတွေမှာပါဝင်ခဲ့တယ်၊နောက်ပိုင်း ပုဒ်မတပ်ပြီး အရေးယူဖမ်းဝရမ်းတွေထုတ်လာတော့ ချောင်းဦးမြို့နယ်ကနေရွှေ့ပြီး မြင်းခြံတို့ မန္တလေးတို့ စတဲ့နေရာတွေရွေ့လျားပြီး အဲ့ဒီကသပိတ်စစ်ကြောင်းတွေမှာပါဝင်ပြီး တွန်းလှန်ခဲ့တယ်၊ စစ်သူပုန်‌တွေက သူတို့ဆီမှာ လူ့အခွင့်အရေး တရားဥပဒေဆိုတာ မရှိတော့ဘဲ သတ်ဖြတ်ဖြိူခွင်းတဲ့အခါ ကျွန်တော် နိုင်ငံရေးလမ်းစဉ်အရ လက်နက်ကိုင်တော်လှန်ရေးဘက် ပါဝင်ဆောင်ရွက်ခဲ့တယ်၊ အခုတော့ ရောက်ရှိသင့်သလောက် ရောက်ရှိနေပါတယ်။

မေး။ ။ဒီလိုတွေ‌ကြောင့် ဆရာ့ကို့ ၅၀၅ (က) အမှုတပ်ထားတော့ ပုဒ်မတပ်ခံရတာနဲ့ပက်သတ်ပြီး ဘာများပြောချင်ပါသလဲ၊ နောက်ပြီး ဆရာကလဲ တော်လှန်ရေးတောက်လျှောက်လုပ်နေတော့ စစ်ကောင်စီဘက်က ဘယ်လိုခြိမ်းခြောက်မှုလုပ်တာတွေရှိသလဲ။

ဖြေ။ ။သူတို့တွေကသာပုဒ်မတပ်တာ တကယ်တန်း နိုင်ငံတော်ပုန်ကန်တယ်ဆိုတဲ့ကိစ္စတွေမှာ ရှင်းရှင်းပြောရရင် သူတို့က တရားဝင်နိုင်ငံတော်အစိုးရမှမဟုတ်တာ၊ တရားစီရင်ရေးမှာ လက်နက်အားကိုးခြိမ်းခြောက်ပြီး သူတို့လုပ်ချင်တာလုပ်တာ ဥပဒေနည်းဆိုင်ရာတွေ အုပ်ချုပ်ရေးဆိုင်ရာတွေကို လက်နက်အသုံးချ အကြမ်းဖက်လုပ်နေတာ အဲ့ဒီလိုလူတွေက ပုဒ်မတပ်တာဆိုတော့ ဒီပုဒ်မတပ်ခြင်းကို ခေါင်းထဲလဲမရှိဘူး၊ အရာလဲမသွင်းဘူး ဥပဒေနဲ့မညီဘဲ လူသတ်ကောင်စီက ပုဒ်မတပ်တာဖြစ်တဲ့အတွက် ခေါင်းထဲထည့်စရာအကြောင်းမရှိဘူး၊ ခြိမ်းခြောက်မှုတွေက အများကြီးရှိတယ်၊ တခါ ကျွန်တော့်အမေကို သူတို့ဖမ်းဆီးတဲ့ပုံစံမျိူး‌တွေလုပ်ခဲ့တယ် ပြန်လွတ်လာပါတယ်၊ ကျွန်တော့်အမေလဲ CDM လုပ်နေတဲ့သူပဲ၊ အခုတော့ ကျွန်တော်တို့မိသားစုအလိုက် အိမ်မှာမနေဘဲ ရွှေ့ပြောင်းပြီးနေနေတယ်၊ နောက်ပြီး ကျွန်တော်နဲ့ပက်သတ်တာတစ်ခုချင်းစီကို သူတို့ဘက်က ဒလန်တွေလိုလူတွေ ရဲတပ်ဖွဲ့လက်ပါးစေတွေက စာရေးတယ် "မင်းလိုကောင်မျိူး မိရဲမိကြည့် နောက်နေ့ မင်းရဲ့အလောင်းကောက်တာဖြစ်စေရမယ်" အဲ့ဒီလိုတွေပေါ့၊ ကျွန်တော်တို့က CDM လုပ်ပြီး သူတို့ခြိမ်းခြောက်တာခံမယ့်လူတော့မဟုတ်ဘူး၊ ပြည်သူတွေအတွက် သမိုင်းကြွေးပြန်ဆပ်မယ့်လူဖြစ်တဲ့အတွက် ခြိမ်းခြောက်လဲ ကြောက်မယ့်အထဲမပါပါဘူး။

မေး။ ။နောက်ပြီး ဆရာအနေနဲ့ CDM လုပ်နေရင်း CDM တရားရေးဝန်ထမ်း‌တွေပါဝင်တဲ့အဖွဲ့ ဖွဲ့ထားတယ်လို့ကြားတယ် အဲ့ဒီအဖွဲ့ရဲ့လှုပ်ရှားမှုရယ်၊ ဘယ်လိုဆောင်ရွက်မှုတွေလုပ်နေသလဲဆိုတာ ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ တရားစီရင်ရေးရုံးဝန်ထမ်းများသမဂ္ဂအဖွဲ့ မနေ့ကစဖွဲ့တယ်၊ မြေပေါ်တော်လှန်ရေးလုပ်တဲ့သူတွေပါ ပူးပေါင်းဆောင်ရွက်လို့ရအောင်လုပ်ဖို့ ရည်ရွယ်တာကြာပြီ အခုမှစလုပ်ဖြစ်တာပါ ၊CDM လုပ်တာချင်းအတူတူ တရားရေးဝန်ထမ်းတွေက နည်းတယ်၊ အဲ့ဒီအတွက် NUG နဲ့ပက်သတ်တဲ့ တရားရေးကိစ္စရပ်တွေကို ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက်နဲ့ ပြည်သူဘက်ကရပ်တည်ဖို့ CDM လုပ်ထားတဲ့ တရားရေးဝန်ထမ်းတွေနဲ့ တရားသူကြီးတွေ အကုန်လုံးကိုစုပေါင်းပြီးတော့ စစ်သူပုန်ကိုတော်လှန်တဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဖွဲ့စည်းလိုက်တာပါ CRPH NUG တို့နေပြီးတော့ သူတို့မှာ တရားရေးကိစ္စရပ်တွေရှိတယ်ဆိုရင် ကျွန်တော်တို့တက်ကျွမ်းတဲ့ ပညာရပ်တွေနဲ့ ကျွန်တော်တို့ပါဝင်ပြီး အားဖြည့်ပေးမယ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အားဖြည့်ပေးသွားမယ်၊ CDM ဝင်နေတဲ့ တရားရေးဝန်ထမ်းတွေအားလုံးကို ကြားထဲမှာ အထောက်အပံတွေရအောင် စီစဉ်ဆောင်ရွက်ပေးမယ် တရားစီရင်ရေးမဏ္ဍိုင်ပြဖို့ ပါဝင်တဲ့သူတွေက ၇၀ ပါဝင်ပါတယ်။

မေး။ ။အာဏာသိမ်းစစ်ကောင်စီဘက်ကနေပြီး လိုက်ပါဆောင်ရွက်နေတဲ့ တရားရေးဝန်ထမ်းတွေကိုရော CDM မလုပ်တဲ့ တရားရေးဝန်ထမ်းတွေကိုရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ။ ။တကယ်တန်း CDM လုပ်တဲ့ကိစ္စက လွယ်တာတော့မဟုတ်ဘူး တရားရေးမှာ ဘယ်ခေတ်အဆက်ဆက်ကမှ ပြည်သူတွေက အကောင်းပြောမခံရပါဘူး၊ ကျွန်တော်တို့တရားရေးမှာ လုပ်ခဲ့တဲ့ကာလမှာလဲ ဘယ်လောက်ပဲအကောင်းဆုံးလုပ်ခဲ့လုပ်ခဲ့ ပြည်သူတွေက အကောင်းမပြောခဲ့ဘူး၊ သူတို့အနေနဲ့ အဲ့ဒီအချက်တွေကြည့်ကောင်းကြည့်လိမ့်မယ် ဒါပေမယ့် ဒါက နိုင်ငံရေးမဟုတ်ဘူး နိုင်ငံ့အရေးဖြစ်သွားပြီ ကိုယ်လုပ်နေတဲ့အလုပ်က တရားဥပဒေအလုပ်ကိုလုပ်နေတာဖြစ်တယ် ရှင်းရှင်းပြောရရင် ဓမ္မနဲ့အဓမ္မကို တွဲပြီးလုပ်နေရတဲ့အလုပ် ဒါကို ဘာကြောင့်မမြင်ရတာလဲ၊ အဓိကက စစ်သူပုန်ကိုထောက်ခံတာထက် သူတို့လက်ရှိရထားတဲ့ ရာထူးအပေါ်မှာရနေတဲ့ အခွင့်အရေး တဘို့ထဲကြည့်နေတဲ့သူတွေပဲ Non CDM လုပ်နေတဲ့သူတွေက ဘာလို့လဲဆိုတော့ CDM လုပ်နေတယ်ဆိုတာနဲ့ အရာအားလုံးစွန့်လွှတ်ရတော့မှာ၊ ဘွဲ့ရပြီးတာနဲ့ ကျွန်တော်ဒီစာမေးပွဲဖြေတယ် မြို့နယ်တရားသူကြီးအဆင့်အောင်ပြီး ရာထူးတိုးပြီးပြီ ကျွန်တော့်လို အသက်ငယ်ငယ်နဲ့ အဲ့ဒီရာထူးက ဘဝနဲ့ရင်းပြီးရထားတဲ့ရာထူးဖြစ်တဲ့အတွက် စွန့်လွှတ်ဖို့တော့ခက်တယ်၊ ဒါပေမယ့် ပြည်သူကို ပေးဆပ်ရမယ့်ဆိုတဲ့အတွေးနဲ့ စွန့်လွှင့်သင့်ရင်စွန့်လွှတ်ရမယ်၊ Non CDM မလုပ်တာ အခက်အခဲရှိတယ်ဆိုရင် ကျွန်တော်တို့လဲ အခက်အခဲရှိတာပဲလေ၊ တချို့ ကိုယ်ဝန်ဆောင်တရားသူကြီးတွေလဲရှိသလို ကျောင်းဆရာ/ဆရာမတွေထဲမှာလဲ ကလေးမွေးပြီးခါစ CDM လုပ်တဲ့သူတွေ သူ့နေရာနဲ့သူ အခက်အခဲရှိပေမယ့် CDM လုပ်တဲ့သူတွေအများကြီးရှိပါတယ်၊ တချို့တရားရေးဝန်ထမ်းတွေ လူပျိူလူလွတ်တွေ စီးပွားရေးအခြေအနေကောင်းပြီး‌ ငွေကြေးအဆင်ပြေတဲ့သူတွေရှိတယ် သူတို့က ပြည်သူဘက်ကို တချက်လေးတောင်မှငဲ့ညာမကြည့်တဲ့ တဘို့ထဲသမား ကိုယ်ကျိူးသမားတွေလို့ ကျွန်တော်ကတော့ယူဆတယ်။

မေး။ ။ အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းပြီးတလျှောက် လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်က ဘယ်လိုကမောက်ကမတွေဖြစ်နေပြီး ယိုယွင်းတာတွေကိုတွေ့ရလဲဆိုတာ သုံးသပ်ပေးပါဦး။

‌ဖြေ။ ။တကယ်တန်း တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ ပြည်သူအချင်းချင်းပြဿနာဖြစ်တာတွေကို ဖြေရှင်းရတယ်၊ ပြည်သူနဲ့အစိုးရ ပြဿနာဖြစ်တာတွေကို ဖြေရှင်းရတယ်၊ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီတရားစီရင်ရေးမဏ္ဍိုင်လို့ ပြောလို့တောင်မရတော့ဘူး စစ်သူပုန်ရဲ့ လက်ပါးစေအဖွဲ့အစည်းလို့ပဲ မြင်ရတော့မယ်၊ လက်ရှိမှာ တရားသူကြီးတွေကို ကျန်တာမကြည့်နဲ့ ဥပဒေနဲ့အညီ အာမခံပေးလို့ရတဲ့ကိစ္စတွေ ၄၉၇/၄၉၆ အရ ပေးလို့ရတာတွေရှိတယ် အဲ့ဒီအရာတွေမှာ သူတို့အနေနဲ့ အာမခံပေးလို့ရတဲ့ကိစ္စတွေမှာ အာမခံမပေးတော့ဘူး တရားရုံးဆိုတာက အရုပ်ကြီးလိုဖြစ်နေတာ၊ အမှုလိုက်နေတဲ့ပညာရှိရှေ့နေကြီးတွေ အကုန်သိတယ် အဲ့ဒီမှာ လက်နက်ကိုင်စစ်သူပုန်အလိုကျ လိုက်လုပ်နေရတဲ့တရားသူကြီးတွေဖြစ်နေတော့ ဒါကြီးကို တရားစီရင်ရေးလို့ လုံးဝကို ခေါင်းစဉ်တပ်လို့ကိုမရတော့ဘူး၊ ကမောက်ကမဆိုတာထက် ဒယိမ်းဒရိုင်ပြားပြားဝပ်နေတဲ့ သူပုန်ကနေလက်ကိုင်တုတ်အဖြစ်အသုံးပြုထားတဲ့ စစ်သူပုန်လက်ပါးစေအဖွဲ့လို့ပဲမြင်တယ်။

မေး။ ။နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို ဘာများမှတ်ချက်ပေးချင်ပြီး ထောက်ပြချင်ပါသလဲရှင့်။

ဖြေ။ ။ကျွန်တော် ဟိုနေ့ကလဲ ပို့စ်တစ်ခုတင်ထားတယ် တချို့တရားသူကြီးတွေက အဲ့ဒါကို မကြိုက်တာတွေရှိတယ်၊ ကျွန်တော်အနေနဲ့ ဒီကိစ္စကိုပြောရရင် ကျွန်တော့်ကို အမှုလိုက်ပါဆောင်ရွက်ဖို့ပြောရင်တောင် မလိုလားချင်ဘူး ဘာလို့လဲဆိုတော့ စစ်သူပုန်အဖွဲ့အစည်းကနေပြီး သူတို့ရဲ့တရားစီရင်ရေးယန္တရား ခိုင်မာပါတယ်ဆိုတာကိုပြချင်လို့ တရားရုံးမှာ တရားစီရင်ရေးကို ဖော်ဆောင်နေတာပေါ့၊ သူတို့ကို ကျွန်တော်တို့ကအကြမ်းဖက်စစ်သူပုန်တွေလို့သတ်မှတ်ပြီးသွားပြီ သူပုန်တွေက ဖမ်းဆီးထားတာကို မျှတသောတရားစီရင်ရေးရပါလိမ့်မည်ဆိုပြီး တောင်းခံနေစရာမလိုဘူး သွားပြီး အမှုလိုက်ပါဆောင်ရွက်နေတာကိုက စစ်သူပုန်ရဲ့ တရားစီရင်ရေးလမ်းကြောင်း လည်ပတ်နေပါတယ်ဆိုပြီး အထောက်အခံပေးနေသလို ဖြစ်နေလိမ့်မယ် ကျွန်တော့်အယူအဆပေါ့၊ တချို့ကလဲ ဘယ်လိုပြောလဲဆိုတော့ စစ်သူပုန်ရဲ့ တရားစီရင်ရေးကို မျှတတာကိုရမယ်လို့မျှော်လင့်ပြီး ထောက်ခံလို့လုပ်တာမဟုတ်ဘဲ ဖမ်းဆီးခံရတဲ့သူတွေနဲ့ သူတို့ရဲ့ ပြင်ပမိသားစုရဲ့ကြားထဲ အထောက်အပံ့တစ်ခုဖြစ်အောင် အဲ့လိုသဘောအတိုင်းလုပ်တာလို့ ပြောတဲ့သူတွေလဲရှိပါတယ် ဒါလဲမှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို စစ်သူပုန်လို့သတ်မှတ်ထားတဲ့အတွက် သူတို့လက်အောက် တရားစီရင်ရေးယန္တရားကို သက်သေခံစရာအကြောင်းမရှိပါဘူး၊ အခြေအနေအရမ်းကွာတယ် လူထုတော်လှန်ရေးကနေ အခု လက်နက်ကိုင်တော်လှန်ရေးဘက်ကို တဆင့်ပြောင်းလာတဲ့အတွက် သူတို့တရားစီရင်ရေးမှာ မလုပ်သင့်တော့ဘူးလို့ သုံးသပ်ယူဆပါတယ် ဒါပေမယ့်အမြင်ကွဲလွဲတာတွေရှိတာပေါ့။

မေး။ ။လက်ရှိ CDM လုပ်ထားတဲ့ တရားသူကြီးအရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဘယ်နှစ်ဦးရှိတယ်ဆိုတာ ခန့်မှန်းသိရသလဲရှင့်။

ဖြေ။ ။အစက တော်တော်များများလုပ်ပေမယ့် ပြန်ဝင်သွားတာတွေလဲရှိတယ် အကြောင်းအမျိူးမျိူးကြောင့် Non CDM လုပ်တဲ့ တရားသူကြီးတွေလဲရှိတော့ အခုဆိုရင် ၃၀ ယောက်လောက်ပဲရှိမယ်လို့ ခန့်မှန်းရတယ်၊ ကျန်တဲ့သူလဲကျန်မှာပေါ့ ကျွန်တော်တို့ဆက်သွယ်ထားတဲ့ အရေအတွက်ကတော့ ခန့်မှန်းအနေနဲ့ပါ။

မေး။ ။ဆရာအနေနဲ့ လက်ရှိတော်လှန်ရေးကာလမှာ တော်လှန်တိုက်ပွဲဝင်နေတဲ့သူတွေကိုရော CDM လုပ်ထားတဲ့ အမှုထမ်းဝန်ထမ်းတွေကိုရော ဘာများအကြံပြုချင်ပါသလဲရှင့်။

ဖြေ။ ။အကြံပြုချင်တာက CDM သမားတွေအကုန်လုံး လောလောဆယ်အနေအထားမှာ ဘဝအနေအထားခက်ခဲတာရှိတယ် ဒါပေမယ့် ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်နဲ့ ကိုက်ညီတဲ့အလုပ်တွေနဲ့ NUG အစိုးရကို ထောက်ပံံ့ပြီး လုပ်ပေးနိုင်ရင် ပိုကောင်းမယ်လို့ထင်တယ်၊ ဘယ်လိုမျိုးလဲဆိုရင် မြေအောက်တော်လှန်ရေးပိုင်းကို သွားတဲ့သူတွေကလဲသွားပေါ့ အဲ့ဒီလိုမဟုတ်ဘဲ မြေပေါ်မှာပဲနေပြီး CDM လုပ်ပြီး တော်လှန်နေတဲ့ဝန်ထမ်းတွေအနေနဲ့ ဥပမာ - ပညာရေးဆိုင်ရာနယ်ပယ်ဆိုလဲ အဝေးသင်အွန်လိုင်းကနေတဆင့် ကလေးတွေကိုသင်ကြားပေးဖို့ ဒါတွေလုပ်သင့်တယ်၊NUG က သက်မှတ်မှလုပ်ရမယ်ဆိုတာမျိုး ခေါင်းထဲမထားပါနဲ့ တော်လှန်ရေးမှာ ကိုယ့်နိုင်ရာနိုင်ရာလုပ်လို့ရတယ်၊ တော်လှန်ရေးတစ်ရပ်အနေနဲ့ပါဝင်ဆောင်ရွက်ဖို့ NUG နဲ့ချိတ်ဆက်ပါ၊ ၈၈ ကနဲ့တူဘဲ ၂၁ မှာ မတူညီတဲ့ မြေအောက်တော်လှန်ရေးကွာခြားချက်တွေ အများကြီးရှိပါတယ် အဲ့ဒါတွေတော့ ကျွန်တော်မပြောတော့ပါဘူး ပြောလိုက်ရင် ရန်သူအတွက် ဒါတွေက လိုက်ဖြည့်စရာအပေါက်တွေဖြစ်သွားလိမ့်မယ်၊ ဒါ့ကြောင့် ကျွန်တော်တို့တော်လှန်ရေးက အောင်ကိုအောင်မှာပါ။

မေး။ ။ဟုတ်ကဲ့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 
 

 

 

Most read this week

May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...