လူထုတော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ အရွေ့

လူထုတော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ အရွေ့

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရကိုဖြုတ်ချ၍ စစ်တပ်က အာဏာရယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ရေတွက်မည်ဆိုလျှင် အချိန်ကာလအားဖြင့် ၅ လကျော်ခဲ့ပြီးဖြစ်သည်။

အဆိုပါကာလအတွင်း လူထုကလည်း နွေဦးတော်လှန်း (ဝါ) လူထုတော်လှန်ရေးဟုဆိုကာ စစ်တပ်ဆန့်ကျင်ခြင်းများကို ဆောင်ရွက်နေဆဲပင်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းကနေ စစ်တပ် အာဏာရယူထားခြင်းကို ဆန့်ကျင်တော်လှန်ရန် မဖြစ်နိုင်တော့ဘူးဟု ယုံကြည်လာသော လူထုသည် လက်ရှိတွင် လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းဘက်သို့ ပြောင်းလဲကာ တိုက်ပွဲဝင်ရင် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးကို ကြိုးပမ်းလာခဲ့သည်။

အဆိုပါ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ဧပြီ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟု ခေါ်သည့် လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်း၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

ထို PDF ကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်ပြီး စစ်သင်တန်းများတက်ရောက်ကာ ဖွဲ့စည်းထားသလို တခြားသော ဒေသများမှာတော့ ဒေသခံများကစုဖွဲ့၍ ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းပြီး NUG နှင့် ချိတ်ဆက်ဆောင်ရွက်နေကြသည်။

NUG က ဖွဲ့စည်းပေးထားသည့် PDF နှင့် မိမိဒေသကို ကာကွယ်ရေးအတွက် ဒေသခံများကဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်ဖွဲ့များသည် တိုင်းရင်းသားလက်နက်ကိုင်များက လေ့ကျင့်သင်ကြားပေးထားကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) စသည့် တိုင်းရင်းသားလက်နက်ကိုင်များက လေ့ကျင့်သင်ကြားပေးခဲ့ကြသည်ဟု ပြောသည်။

ထိုအဖွဲ့များကလည်း မိမိတို့မဟုတ်ကြောင်း ငြင်းဆိုကြသော်လည်း ဖမ်းဆီးခံရသူများနှင့် စစ်သင်တန်းများ တက်ရောက်နေကြသူများ၏ ပြောစကားများ၊ ပုံများကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၎င်းတို့ကို စစ်သင်တန်းများပေးနေသည်ဟု သက်သေပြထားကြသည်။

ထို့ကြောင့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလူထုတော်လှန်ရေး အခန်းကဏ္ဍတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မည်သည့် အခန်းကဏ္ဍကနေ ပါဝင်နေကြသလဲ စိတ်ဝင်စားစရာကောင်းသလို လေ့လာရန်လည်းသင့်လာသည်။

မြန်မာနိုင်ငံတွင် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့ (ပသစ)၊ နယ်ခြားစောင့်တပ် (BGF)၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် (EAOs) စသည့် လက်နက်တပ်ဆင်ထားသည့် အဖွဲ့အစည်းပေါင်း ၅၀၂၃ ဖွဲ့ရှိသည်။ ထိုအထဲမှ ပြည်သူ့စစ်အဖွဲ့များနှင့် နယ်ခြားစောင့်တပ် (BGF) များသည် တပ်မတော်လက်အောက်ခံများဖြစ်ရာ တပ်မတော်ကိုတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များကိုသာ ရွေးချယ် လေ့လာရန် တိုက်တွန်းအပ်ပါသည်။

လက်နက်ကိုင်တော်လှန်ရေးလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့များမှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုတပ်တော် (AA)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ဇိုမီးအမျိုးသားတော်လှန်ရေးတပ်မတော် (ZRA/ZRO)၊ ကူးကီးအမျိုးသားအစည်းအရုံး (KNO)၊ ကချင်အမျိုးသား အစည်းအရုံး (KNO)၊ ရခိုင်အမျိုးသားကောင်စီ (ANC) တို့ရှိကြသည်။

ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ကြသည်။

ဤသို့သော လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့အနက် RCSS၊ KNU၊ DKBA၊ KNU/KNLA-PC၊ CNF၊ ALP၊ PNLO၊ ABSDF၊ NMSP၊ LDU တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားကြသည်။

ကျန် UWSA၊ NDAA၊ SSPP/SSA၊ KIA၊ AA၊ MNDAA၊ TNLA၊ KNPP၊ NSCN-K၊ SNA၊ ZRA/ZRO၊ KNO (ကူကီး)၊ KNO (ကချင်)၊ ANC တို့ကတော့ NCA မထိုးရသေးသည့် အဖွဲ့များဖြစ်သလို တချို့ SNA၊ ZRA၊ KNO (ကူကီး)၊ KNO (ကချင်)၊ ANC အဖွဲ့များဆိုလျှင် အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးသည့်အထဲသို့ ပါဝင်ခွင့်မပြုထားပေ။

အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် (EAOs) ၂၄ ဖွဲ့အနက် UWSA၊ NDAA၊ SSPP/SSA၊ KIA၊ AA၊ MNDAA၊ TNLA၊ RCSS၊ KNU တို့သည်သာ လက်နက်အင်အား၊ လူအင်အားတောင့်တင်းကြပြီး ကျန်အဖွဲ့များမှာ လက်နက်နှင့်လူအင်အားမှာ အားမကောင်းလှသည့်အတွက် စစ်တပ်သည် သိပ်အလေးထားခြင်း မရှိပေ။

လက်ရှိ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးတွင် စစ်တပ်ဆန့်ကျင်ရေးအုပ်စုဘက်ကနေ UWSA၊ NDAA၊ SSPP/SSA၊ KIA၊ AA၊ MND AA၊ TNLA၊ RCSS၊ KNU တို့ ကူညီပေးမည်ကို စိုးရိမ်မှုရှိသော်လည်း လက်တွေ့မှာတော့ KIA၊ KNU၊ KNPP၊ CNF တို့သာ NUG နှင့် တစ်နည်းတစ်ဖုံ ချိတ်ဆက်ကာ PDF များကို စစ်သင်တန်းပေးခြင်းများ ပြုလုပ်လျက်ကြောင်း သတင်းများက ဆိုသည်။

ဤသို့သောအခြေအနေမှာပင် နောက်ထက် စစ်တပ်နှင့် သီးသန့်တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်နက်ကိုင်များမှာ KIA နှင့် KNU လက်အောက်ခံ တပ်မဟာ (၁-၂-၅) အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဖြင့်သာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ကျန် အင်အားတောင့်တင်းသည့် UWSA၊ NDAA၊ SSPP/SSA၊ AA၊ တို့သည် တပ်မတော်နှင့် ဆက်ဆံရေးကောင်းတစ်ရပ်ကို ထိန်းသိမ်းထားပြီး စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုတော်လှန်ရေးဘက်ကိုလည်း မပါသလို လူထုတော်လှန်ရေးကို ဖြိုခွင်းနေသော စစ်တပ်ဘက်ကလည်း မပါဘဲ သီးသန့် ရပ်တည်လျက်ရှိနေသည်။ MNDAA နှင့် TNLA တို့သည် စစ်တပ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ပြင်းထန်သည့်တိုက်ပွဲများမဟုတ်ဘဲ နယ်မြေရှင်းလင်းရေး (သို့မဟုတ်) ထိတွေ့တိုက်ပွဲများအဆင့်မှာသာ ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် TNLA သည် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုတော်လှန်ရေးဘက်ကနေ ရပ်တည်ပေးလိုသော်လည်း UWSA နှင့် တရုတ်၏သြဇာကို အတိုက်အလျောက် မလွန်ဆန်နိုင်ခြင်းကြောင့် တင်းပြည့်ကျပ်ပြည့် မပါဝင်နိုင်ဘဲ ၎င်းနှင့် နယ်မြေအငြင်းပွားနေသည့် RCSS ဖြင့်သာ အပြင်းအထန် တိုက်ခိုက်နေရသည်။

စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးဘက်ကနေ ရပ်တည်တိုက်ခိုက်ပေးနေသည့် KIA အနေဖြင့်လည်း ယခုအခါတွင် တရုတ်ကနေတဆင့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲလိုကြောင်း ကမ်းလှမ်းဆွေးနွေးမှုတချို့ ရှိနေကြောင်း သိရသည်။ အလားတူ KNU အတွင်းမှာလည်း NCA အတိုင်းရပ်တည်လိုသောအုပ်စုနှင့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးဘက်ကနေ ရပ်တည်လိုသော အုပ်စုဟူ၍ ကွဲပြားခြားနားနေသည်။

အလားတူ NCA ထိုးထားသည့် KNU အပါအဝင် RCSS၊ DKBA၊ KNU/KNLA-PC၊ CNF၊ ALP၊ PNLO၊ ABSDF၊ NMSP၊ LDU ထဲမှာလည်း တချို့အဖွဲ့က NCA အတိုင်း ရပ်တည်လိုကြပြီး တချို့အဖွဲ့ကတော့ NUG နှင့် နားလည်မှုစာချုပ် (Bilateral) ရေးထိုးကာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးအုပ်စုဘက်ကနေ ရပ်တည်ထား၍ ဘုံသဘောတူညီချက်ကို ရယူနိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။

ဥပမာပြောရပါက CNF သည် NUG နှင့် Bilateral ထိုးထားပြီး စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးဘက်ကနေ ရပ်တည်လျက်ရှိရာ DKBA၊ KNU/KNLA-PC၊ PNLO တို့ကမူ ဘယ်ဘက်မှမပါဘဲ NCA အတိုင်း ရပ်တည်လျက်ရှိသည်။ RCSS ကမူ NUG နှင့် ဆွေးနွေးမှုများရှိသော်လည်း မည်သည့်ဘက်က ရပ်တည်မလဲ ပြတ်ပြတ်သားသား မရှိသေးဘဲဖြစ်နေကာ ၎င်းနှင့် နယ်မြေအငြင်းပွား၍ TNLA-SSPP တို့ဖြင့် စစ်တိုက်နေရခြင်းကို အာရုံစိုက်ဖြေရှင်းရန် အလေးထားလာနေရသည်။

မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အကျိုးစီးပွားများ မတူညီကြသလို သမိုင်းဖြစ်တည်မှုများလည်း ကွဲပြားခြားနားနေခြင်းကြောင့် မည်သို့ပင်ရပ်တည်စေကာမူ သူတို့၏ စဉ်းစားချက်များသည် သူတို့ဖြစ်တည်မှုအပေါ်မှာ အခြေခံ၍ စဉ်းစားနေကြပါလိမ့်မည်။

မြန်မာနိုင်ငံသည် ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စသည့် ၅ နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ရာ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့သည် လက်ရှိ နစက ဘက်က ရပ်တည်သည့်အနေအထားမှာ ရှိနေခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) များသည် စစ်တပ်ကို ဖြုတ်ချရေး၊ တိုက်ပွဲများ ဖော်ဆောင်ရေး၊ လူထုတော်လှန်ရေး စသည့် လုပ်ငန်းစဉ်များတွင် တင်းပြည့်ကျပ်ပြည့် ပူးပေါင်းပါဝင်ရန် အလွန်ခက်ခဲကြသည်။

ဘာကြောင့်ဆိုလျှင် မြန်မာနိုင်ငံတွင်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အားလုံးသည် တရုတ်၊ အိန္ဒိယ၊ ထိုင်း နယ်စပ်များတွင် အခြေစိုက်လှုပ်ရှားလျက်ရှိကြရာ ထိုသုံးနိုင်ငံက သူ့နယ်မြေကို အသုံးချခွင့်မပြုပါက စစ်တပ်ကိုတိုက်ခိုက်ရန် မဖြစ်နိုင်သလို ၎င်းတို့လုပ်နေသည့် တော်လှန်ရေး အသက်ရှည်ရန် ရပ်တည်နိုင်ရန်လည်း ခက်ခဲလှပေသည်။

ပြီးခဲ့သည့် မေလက ထိုင်းအစိုးရသည် KNU၊ KNPP၊ RCSS တို့မှ ကိုယ်စားလှယ်များကို တွေ့ဆုံ၍ NCA အတိုင်းသွားရန်၊ တိုက်ပွဲမဖော်ဆောင်ရန်၊ တိုက်ပွဲဖော်ဆောင်မည်ဆိုပါက မိမိတို့နယ်မြေကို အသုံးမပြုရန် ပြောခဲ့သည်။ အလားတူ တရုတ်ကလည်း သူ့နယ်စပ်တွင် လှုပ်ရှားကြသည့် UWSA၊ SSPP၊ MNDAA၊ NDAA တို့ကို မည်သည့်ဘက်မှမပါဝင်ဘဲ ရပ်တည်ကြရန် တိုက်တွန်းထားသလို AA၊ TNLA တို့ကိုလည်း တိုက်ပွဲများမဖြစ်ပွားရေး ထိန်းသိမ်းထားရန် တိုက်တွန်းထားကြောင်း သိရသည်။

အိန္ဒိယနယ်စပ်တွင် လှုပ်ရှားကြသည့် SNA၊ ZRA၊ ကူကီး (KNO)၊ NSCN-K၊ CNF တို့မှာလည်း စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးဘက်က ရပ်တည်သည့်အဖွဲ့များမှာ ကူကီး (KNO)၊ CNF၊ ZRA တို့ရှိသည့်တိုင် ယနေ့ချိန်ထိ စစ်တပ်နှင့် တိုက်ပွဲများမရှိသေးပေ။

NSCN-K နှင့် SNA ကမူ မည်သည့်ဘက်ကရပ်တည်ကြောင်း တရားဝင် ထုတ်မပြောပေ၊ သို့သော် SNA နှင့် စစ်တပ်ကြားမူ တိုက်ပွဲအနည်းငယ်ရှိသည်။ ထိုအဖွဲ့များကို အိန္ဒိယအစိုးရက လက်ခံထားခြင်းမရှိသလို အိန္ဒိယနယ်မြေကို အသုံးချခွင့် မပေးထားပေ။ အိန္ဒိယအစိုးရက NSCN-K ကို အကြမ်းဖက်အဖွဲ့ဖြင့်တောင် ကြေညာထားပြီး တိုက်ခိုက်ချေမှုန်းလျက်ရှိသည်။

အထက်ပါ အခြေအနေများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တို့၏ ပကတိအခြေအနေများ ဖြစ်သည်။

ထို့ကြောင့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးသည် မည်ကဲ့သို့ ဖြစ်တည်လာမလဲဆိုသည်မှာ စောင့်ကြည့်ရမည်။

အလားတူ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) က မည်ကဲ့သို့ရပ်တည်ကာ ပါဝင်ကြမလဲဆိုသည်မှာလည်း စောင့်ကြည့်ရပေမည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ၏ သမိုင်းတွင် ဗမာတိုင်းရင်းသားများ အင်အားကြီးစွာ ပါဝင်ကြသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခေတ်က စစ်တပ်ဆန့်ကျင်တော်လှန်ရေး ကြိုးပမ်းစဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) သည် မူလက မဟာမိတ်ဖွဲ့၍ ပူးပေါင်း ပါဝင်ခဲ့ကြသော်လည်း နောက်ပိုင်း တပ်လှုပ်ရှားမှု နယ်မြေအငြင်းပွားကာ အချင်းချင်း ပြန်လည်တိုက်ခိုက်ခဲ့ကြရသလို ဗကပ၏ လူတန်းစားအရေးသာဦးစားပေးပြီး ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများ၏အရေးကို အလေးမထားခြင်းကြောင့် ပုန်ကန်မှုများဖြစ်ကာ ပြိုကွဲသွားခဲ့ရသည်။

အလားတူ ၁၉၆၂ ခုနှစ်၊ ဦးနေဝင်း အာဏာသိမ်းမှုကြောင့် ဝန်ကြီးချုပ် ဦးနုက သူကိုယ်တိုင်ဦးဆောင်၍ ပြည်ချစ်တပ်မတော်ကို ထူထောင်၍ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးအနေဖြင့် လက်နက်စွဲကိုင်ကာ လူထုတော်လှန်ရေးဖော်ဆောင်ခဲ့ရာ KNU အပါအဝင် ဗမာမဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်များဖြင့် မဟာမိတ်ဖွဲ့ပြီး တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်း လှုပ်ရှားနယ်မြေအငြင်းပွား၍ အချင်းချင်း မသင့်မမြတ်ဖြစ်ကာ မဟာမိတ်ဖွဲ့မှုများ ရပ်ဆိုင်းခဲ့ကြသည့်အဖွဲ့များ ရှိလာခဲ့သလို ပြည်ချစ်တပ်မတော်ထဲမှာပင် စေ့စပ်ဆွေးနွေးခြင်းနည်းလမ်းဖြင့် အာဏာပြန်လည်ရယူရေးအုပ်စုနှင့် မစေ့စပ်ဘဲ လက်နက်စွဲကိုင်အပြုတ်တိုက်ရေး အုပ်စုဆိုကာ ကွဲလာပြီးနောက် ပြည်ချစ်တပ်မတော် ပြိုကွဲသွားခဲ့သည်။

ယခု ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေး သမိုင်းတကျော့ပြန်လည် ဖြစ်တည်လာခဲ့ပြန်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) အနေဖြင့် သမိုင်းသင်ခန်းစာများနှင့် လက်ရှိ မိမိတို့ အဖွဲ့အစည်းရပ်တည်ရေး ပကတိမြေပြင်အနေအထားများကို သေချာလေ့လာဆန်းစစ်၍ မည်ကဲ့သို့ ရပ်တည်ရမလဲကို အဖြေရှာနေကြနိုင်သည်။

ထို့ကြောင့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ၏ အရွေ့သည် မည်သို့မည်ပုံဖြစ်လာမည်ကိုတော့ဖြင့် ဆက်လက်၍သာ စောင့်ကြည့်ရပေအုံးတော့မည်။

 
 

 

 

Most read this week

May 9, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်...
May 8, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ထားသည့်...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း...
May 7, 2024
လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး...