KNLA တပ်မဟာ (၇) တပ်မဟာမှူးနှင့် ဗျူဟာမှူးအသစ် ရွေးချယ်ပြီးစီး

KNLA တပ်မဟာ (၇) တပ်မဟာမှူးနှင့် ဗျူဟာမှူးအသစ် ရွေးချယ်ပြီးစီး

KNLA-ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ (၇) တပ်မဟာမှူးအဖြစ် ဗိုလ်မှူးကြီးစောဖောဒိုကို ရွေးချယ်ပြီး ဗျူဟာမှူးအဖြစ် ဒု-ဗိုလ်မှူးကြီးစောဒိကွယ်ကို ရွေးချယ်ခဲ့ကြောင်း ဇွန်လ ၃၀ ရက်၊ ယနေ့တွင်ပြုလုပ်သည့် တပ်မဟာ (၇) အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

ယခင် တပ်မဟာမှူးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်စောဂျော်ဖြူမှာ ဇွန်လ ၂၀ ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏နေရာကို ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရန် KNLA တပ်ရင်း၊ တပ်မဟာမှ တပ်မှူးများပါဝင်သည့် တပ်မဟာအဆင့် အစည်းအဝေးပြုလုပ်ကာ ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“တပ်ဖက်ပိုင်း စည်းမျဉ်းစည်းကမ်း ပြဌာန်းထားတဲ့အတိုင်း တပ်မဟာမှူးတစ်ဦး မရှိတော့ဘူးဆိုရင် သူ့အောက်တဆင့်ဖြစ်တဲ့ ဗျူဟာမှူးက တပ်မဟာမှူးတာဝန်ကို တိုက်ရိုက်ဆက်ကိုင်သွားရမယ်လို့ ချမှတ်ထားပြီးသားပါ။ အုပ်ချုပ်ရေးပိုင်းလို ရွေးကောက်တာမျိုး မဟုတ်ဘူးပေါ့။ ဗျူဟာမှူးကျတော့ တပ်ရင်းတွေက သူတို့အဆိုပြုတာ၊ ထောက်ခံတာတွေနဲ့ ရွေးတာမျိုးပါ” ဟု ဗျူဟာမှူးဖြစ်လာသူ ဒု-ဗိုလ်မှူးကြီးစောဒိကွယ်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်များကို KNLA ဗဟိုဌာနချုပ်သို့ တင်ပြသွားပြီး စစ်ဦးစီးချုပ်နှင့် KNU ကာကွယ်ရေးဌာန တာဝန်ခံများ၏ အတည်ပြုချက်ရရှိပြီးမှသာ ရာထူးတာဝန်များကို တရားဝင် အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ယခု တပ်မဟာမှူးဖြစ်လာသူ ဗိုလ်မှူးကြီးစောဖောဒိုမှာ KNLA တပ်ရင်း (၁၀၁) တွင် တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ တပ်မဟာဗျူဟာမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သူဖြစ်သည်။

တပ်မဟာဗျူဟာမှူးဖြစ်လာသူ၏ လစ်လပ်သွားသည့် တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးများကို တပ်ရင်းအဆင့် ပြန်လည်ရွေးချယ်သွားရမည်ဖြစ်သည်။

တပ်မဟာ (၇) တွင် KNLA တပ်ရင်း (၁၉)၊ (၂၁)၊ (၂၂)၊ (၂၄)၊ (၁၀၁) နှင့် KNDO တပ်ရင်း (၅) ဟူ၍ တပ်ရင်းပေါင်း (၆) ရင်းရှိပြီး တပ်မဟာမှူးအသစ်တင်မြှောက်သည့် အစည်းအဝေးတွင် တပ်ရင်းမှူး၊ ဒု-ရင်းမှူးများအပြင် ဗဟိုအုပ်ချုပ်ရေးနှင့် ဗဟိုတပ်ဖက်ဌာနချုပ်မှ ခေါင်းဆောင်အချို့အပါအဝင် စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...