ရေးမြို့နယ်ရှိ မုတ္တမကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေးစီမံကိန်း ယာယီရပ်ဆိုင်း

ရေးမြို့နယ်ရှိ မုတ္တမကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေးစီမံကိန်း ယာယီရပ်ဆိုင်း
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် ရေးမြို့နယ်ရှိ အံဒင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာအနီးတွင် တည်ဆောက်ရန် လျာထားသည့် မုတ္တမ ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း Offshore Supply Base လုပ်ငန်းအား ဒေသခံများ ကန့် ကွက်မှုရှိနေသည့်အတွက် ယာယီ ရပ်ဆိုင်းထားလိုက်ကြောင်း ရာမညယူနိုင်တက်ကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဖြစ်သူ ဦးသီဟစိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စီမံကိန်းကို Forever Thanlwin Company Ltd. ကုမ္မဏီအမည်ဖြင့် လုပ်ငန်းများကို အကောင် အထည်ဖော်သွားမည်ဖြစ်ပြီး မေလ (၁၉) ရက်က ကုမ္ပဏီမှ တာဝန်ရှိသူ အချို့ နှင့် ဒေသခံ သံဃာတော် များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူငယ်များတို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာ ဒေသခံများဘက်က စီမံကိန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုသည့်အတွက် ယခုကဲ့သို့ ယာယီရပ်ဆိုင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မေလ ၂၀ ရက်နေ့၌ စီမံကိန်းလုပ်ငန်းများလျာထားမှုကိစ္စနှင့်ပတ်သက်၍ အံဒင်ကျေးရွာအုပ်စု၊ ရွာ သစ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ရန် အစီအစဉ်ကို လည်း ကုမ္မဏီဘက်က ဖျက်သိမ်းပေးခဲ့သည်။

“ကျွန်တော်တို့က ဒေသခံတို့နဲ့ ယုံကြည်မှုတည်ဆောက်ရဦးမယ် ထင်တယ်၊ မိဘပြည်သူတွေရဲ့ စိုးရိမ်စိတ် ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့ လုပ်ငန်းက သဘာဝပတ်ဝန်းကျင်နဲ့လည်း ဘာမှ မထိခိုက်ဘူး ဆိုတာကို လေ့လာမည့်အချိန်ရပြီး သူတို့ရဲ့ ကောင်းမွန်တဲ့အမြင်လေးရလာဖို့ အချိန်တစ်ခုတော့ ပေးရမယ်ထင်လို့ ယာယီရပ်ဆိုင်းလိုက်တာပါ” ဟု ဦးသီဟစိုးက ပြောသည်။

ယခုစီမံကိန်း ပြုလုပ်ရန် ပြည်ထောင်စုမှ ခွင့်ပြုပေးထားကြောင်း၊ ဒေသခံများ၏ ကန့်ကွက်မည့် သဘောထားကို ကြိုတင် မသိရှိထားခဲ့ကြောင်း၊ ယခုစီမံကိန်းသည် ပင်လယ်တွင် ဖြတ်သန်းသွားလာသည့် သဘောင်္လှေတို့မှ လိုအပ်မည့် ပစ္စည်းရိက္ခာများကို စျေးဆိုင်တစ်ခုကဲ့သို့ထောက်ပံ့ ပေးရန်အတွက်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“အခုသူတို့လုပ်တာက ဒေသခံကိုကြိုတင်ညှို့နှိုင်းပြီး အသိပေးထားတာမရှိဘူး ဒီတစ်ချက်၊ နောက် ဒီလို ကုမ္ပဏီက ဒေသအတွက် အန္တရာယ်မဖြစ်နိုင်ရင်တောင် ဒီကုမ္ပဏီဝင်ပြီး အခြားကုမ္ပဏီလည်း ဝင်လာဖို့က လွယ်ကူသွားနိုင်တယ်” ဆရာတော်အနန္ဒက မိန့်သည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း မုတ္တမ ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း Offshore Supply Base စီမံကိန်း အကောင်အထည် ဖော်နိုင်ရန် ဝယ်ယူရရှိထားသည့် လယ်ယာမြေ ၁၉ ဧကကျော်အား လယ်ယာမြေဥပဒေအရ တစ်ခြားနည်းလမ်းဖြင့် အသုံးပြုခွင့်ရရှိရေး ဌာနဆိုင်ရာသို့ တင်ပြလျှောက်ထား သည့်အပေါ် ဒေသခံများက ကန့်ကွက်ထားပြီးဖြစ်ကြောင်း သိရသည်။

အလားတူ အံဒင်ကျေးရွာအနီး လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး စက်ရုံစီမံကိန်းကို ပြည်ထောင်စုအစိုးရလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှှင့် ထိုင်းနိုင်ငံအခြေစိုက် တိုယိုထိုင်း ကုမ္မဏီအား လုပ်ငန်းဆောင်ရွက်ခွင့်သဘောတူစာချုပ် (MoA) ကို ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီးသော်လည်း ဒေသခံများ လက်မခံကန့်ကွက်သဖြင့် ယနေ့အချိန်အထိ ရပ်ဆိုင်းထားကြောင်း သိရသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...