နံပါတ်တပ်ထားသော တရုတ်မူဝါဒများ

နံပါတ်တပ်ထားသော တရုတ်မူဝါဒများ

အနောက်တိုင်းဒီမိုကရေစီနိုင်ငံတွေမှာ ငါးနှစ်စီမံကိန်းတို့၊ ဆယ်နှစ်စီမံကိန်းတို့ဆိုတာ မရှိသလောက်ပဲ။ မူဝါဒတွေကို နံပါတ်တွေ၊ အချက်အလက်တွေ တပ်ပြီးခေါ်တတ်တာ အရှေ့တိုင်းရဲ့ စတိုင်တခုပဲ။ အထူး သဖြင့် မလွတ်မလပ်နိုင်ငံတွေမှာပေါ့။ မူဝါဒတွေကို ကိန်းဂဏန်းတွေနဲ့ တွဲပြီးခေါ်တဲ့နေရာမှာ တရုတ်က တော့ အားလုံးထဲမှာ ထိပ်ဆုံးပဲ။ လက်လှမ်းမီသလောက် တရုတ်ပြည်ရဲ့ numbered policies လို့ ခေါ်တဲ့ နံပါတ်တွေတပ်ထားတဲ့ မူဝါဒတွေကို ဖော်ပြလိုက်တယ်။



One-China policy တရုတ်တနိုင်ငံထဲမူဝါဒ၊ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တဲ့မူဝါဒ။



One country, two systems တနိုင်ငံ စနစ်နှစ်မျိုး။ ဟောင်ကောင်ကိုလက်လွှဲယူရာမှာ ဗြိတိသျှအစိုးရကို အနှစ်၅၀အတွင်း ဟောင်ကောင်မှာ ဒီမိုကရေစီဆက်ရှိရပါစေမယ်ဆိုတဲ့ ကတိကတော့ လမ်းတဝက်မှာ ပျက်သွားခဲ့ပြီ။



Two Whatevers  မော်စီတုံးဆုံးပါးသွားပြီးနောက်မှာ တက်လာတဲ့ သူ့ရဲ့ သစ္စာရှိနောက်လိုက် ဟွကိုဖုန်းရဲ့ မူဝါဒ။ ဥက္ကဋ္ဌကြီးမော်စီတုံးချမှတ်ခဲ့တဲ့ မူဝါဒမှန်သမျှကို လက်ခံပါ့မယ်။ ဥက္ကဋ္ဌကြီးမော်စီတုံးချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်တွေကို တသွေမတိမ်းလိုက်နာပါ့မယ်တဲ့။ တကယ်ကို ကြည်ညိုလွန်းလို့လား။ အဖားလွန် တာလား။ အရည်အချင်းမရှိတာလား။ တခုခုပဲ။



Four Olds မော်စီတုံးရဲ့ ယဉ်ကျေးမှုတော်လှန်ရေးတုန်းက မူဝါဒ။ အယူအဆဟောင်း၊ ယဉ်ကျေးမှုဟောင်း၊ အကျင့်ဟောင်း၊ ဓလေ့ဟောင်းတွေကို ဆန့်ကျင်ကြတဲ့။



Five Poisons တရုတ်ရှေးဟောင်းအယူအဆမှာ အဆိပ်ငါးမျိုးဆိုတာ ရှိတယ်။ မြွေ၊ ကင်းခြေများ၊ ကင်းမြီးကောက်၊ ဖားနဲ့ ပင့်ကူဆိုတာကို ခေတ်သစ်ကွန်မြူနစ်အယူအဆအရ ဝေရ်ဂါမွတ်စလင်တွေ၊ တိဘက်လူမျိုးတွေ၊ ဒီမိုကရေစီလှုပ်ရှားသူတွေ၊ ဖားလောင်ကွန်းအယူအဆလက်ခံသူတွေနဲ့ ထိုင်ဝမ်လွတ် လပ်ရေးထောက်ခံသူတွေလို့ ပြောင်းလဲရည်ညွှန်းဖော်ပြကြတယ်။



သမ္မတဟောင်း ကျန်ဇီမင်းကတော့ ညှာညှာတာတာရှိတယ်။ ကလေးတွေကို တရုတ်ပြည်မှာ မူဝါဒတွေ အလွတ်ကျက်ခိုင်းရင် သိပ်မကျက်ရအောင်လို့ သူကတော့ ကိန်းဂဏန်းသိပ်များများ မထည့်ဘူး။ သူ့မူဝါဒက တော့ Three Represents တဲ့။  တရုတ်ကွန်မြူနစ်ပါတီဟာ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ လိုအပ်ချက်၊ တရုတ်နိုင်ငံရဲ့ မြင့်မားတဲ့ယဉ်ကျေးမှုနဲ့ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်တွေကို ခိုင်ခိုင်မာ မာရပ်တည်ပေးရမယ်တဲ့။



နောက်ထပ်တက်လာတဲ့ သမ္မတဟောင်း ဟူးကျင်တောင်းကတော့ အစိုးရမူဝါဒတွေကို အလွတ်ကျက်ရမယ့် ကလေးတွေကို အတော်ဒုက္ခပေးချင်ပုံရှိတယ်။ သူကတော့ ရှစ်အပေါင်းရှစ်ဆိုပြီး အချက် ၁၆ချက်ပါတဲ့ မူဝါဒချမှတ်ပါလေရော။ နည်းနည်းနောနောကြီးမဟုတ်ဘူး။ Eight Honours and Eight Shames တဲ့။  



-    အမိမြေကို ချစ်သူများကို လေးစားပြီး အမိမြေကို ဒုက္ခပေးသူများကို စက်ဆုပ်ရွံရှာပါ။



-    လူထုကို အလုပ်အကျွေးပြုသူများကို လေးစားပြီး လူထုကို သစ္စာဖေါက်သူများကို ရှုတ်ချပါ။



-    သိပ္ပံနဲ့ နည်းပညာကို လေ့လာရှာဖွေသူတွေကို လေးစားဂုဏ်ပြုပြီး ပညာရှာဖွေလေ့လာဖို့ လက်တွန့်သူတွေကို ဝေဖန်ပါ။



-    အလုပ်ကြိုးစားသူများကို ဂုဏ်ပြုပြီး အပျင်းကြီးသူများကို ကဲ့ရဲ့ပါ။



-    တယောက်နဲ့တယောက် အပြန်အလှန်ကူညီသူများကို လေးစားပြီး သူတပါးအပေါ် အမြတ်ထုတ် သူများကို ရှုတ်ချဝေဖန်ပါ။



-    စိတ်ဓါတ်တည်ကြည်ခိုင်မာသူများကို လေးစားပြီး အကျိုးအမြတ်အတွက် ဘာမဆိုလုပ်မည့်သူများကို ရှုတ်ချပါ။



-    ဥပဒေလိုက်နာသူများကို လေးစား။ ဥပဒေချိုးဖောက်သူများကို ရှုတ်ချ။



-    ရိုသားကြိုးစားဖိုးသခွါးများကို ဂုဏ်ပြုပြီး ပကာသနကြွားဝါသူများကို ဝေဖန်ပါ။



ရှည်လိုက်တဲ့ စာရင်း။ ကလေးတွေတော့ ဒါကြီးတွေ အလွတ်ကျက်ရရင် မချောင်ဘူး။ ကလေးတွေကို တော်တော်ဒုက္ခပေးတဲ့ သမ္မတပဲ။



သူ့ကို အတော်လွန်လှပြီထင်နေတာ၊ သူ့နောက်မှာ တက်လာတဲ့ သမ္မတ ရှီကျင့်ဖင်က ပိုတောင်ဆိုးသေးဗျာ။ သူကတော့ တမျိုးပြီးတမျိုးမူဝါဒချလို့ကို မပြီးနိုင်ဘူး။ ကနဦးတော့ ခပ်လွယ်လွယ် နံပါတ်၂ နဲ့ စတယ်။ Two Centenaries တဲ့။ ရာစု နှစ်ခုတဲ့။ ကွန်မြူ နစ်ပါတီ တည်ထောင်ပြီး နှစ် ၁၀၀ အတွင်းမှာ အသင့်အတင့် သာယာ၀ပြောတဲ့ တရုတ်လူ့ဘောင်ကို တည်ဆောက်ပြီး နောက်ထပ် နှစ် ၁၀၀ အတွင်းမှာတော့ ဒီမိုကရေစီပြည့်၀ပြီး အကုန်ကောင်းနေတဲ့ တရုတ်လူ့ဘောင်ကို တည်ဆောက်ရမယ်တဲ့။ ဒီမိုကရေစီရှိ၊ မရှိတော့ မသိဘူး။ ရှီကျင့်ဖင်ကတော့ သမ္မတသက်တမ်း အကန့်အသတ်ကို ပြင်လိုက်ပြီ။



သူက နံပါတ်တွေကို တမျိုးထဲ၊ တခုထဲ မသုံးဘူး။ ထည်လဲ သုံးတယ်။ ၃ ဂဏန်းနဲ့ ပတ်သက်ပြီးတော့ သူက Three stricts and three honests ဆိုလုပ်ပြန်တယ်။ တင်းကျပ်မှုသုံးမျိုးက အကျင့်စာရိတ္တပိုင်းဆိုင်ရာ၊ ကိုယ့်ကိုယ်ကို ဝေဖန်ဆင်ခြင်တဲ့နေရာမှာ၊ အာဏာကျင့်သုံးတဲ့နေရမှာတဲ့။ ရိုးသားမှုသုံးမျိုးကတော့ ဆုံးဖြတ် ချက်ချရာမှာ၊ တက်လမ်းရှာရာမှာ၊ ကိုယ်ကျင့်သိက္ခာမှာတဲ့။ ၃ နဲ့ ၃ ပေါင်းတော့ ၆ ဆိုတော့ မူဝါဒတခုထဲမှာ ၃ ရော ၆ ရော ဂဏန်းနှစ်လုံးလုံး သုံးပြီးသားဖြစ်သွားတယ်။



သူက ၄ ဂဏန်းလဲ ချန်မထားဘူး။ Four compresheisves တဲ့။ ပြည့်စုံကောင်းမွန်တဲ့ အသင့်အတင့်သာယာ ၀ပြောတဲ့ တရုတ်လူ့ဘောင်၊ ပြည့်စုံကောင်းမွန်ပြီး နက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲမှု၊ ပြည့်စုံကောင်းမွန်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည့်စုံကောင်းမွန်တဲ့ ကွန်မြူနစ်ပါတီတွင်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် တည်ဆောက်ရမယ်တဲ့။



သူက ၅ ဂဏန်းကို မေ့မထားဘူး။ Five-in-one general strategy ငါးမျိုးပေါင်းတခု ယေဘုယျ မူဝါဒတဲ့။ စီးပွါးရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေး နဲ့ သဟဇာတဖြစ်တဲ့ လူ့ဘောင်တည်ဆောက်ရေးဆိုတဲ့ ငါးမျိုးပေါင်း မူဝါဒကို ချမှတ်ပြန်တယ်။



ဘာကြောင့်လဲ မသိ။ ၇ ဂဏန်းကိုတော့ ကျော်သွားပြီး ၈ ကိုရောက်သွားတယ်။ Eight Musts တဲ့။ လူထုကို အခြေခံရမယ်၊ ပြည်သူပိုင်နဲ့ နိုင်ငံပိုင်းစီးပွါးရေးစနစ်ကို တည်ဆောက်ရမယ်၊ လွတ်လပ်ပွင့်လင်းတဲ့ ဦးတည် ချက် ရှိရမယ်။ မျှတတဲ့ တရားဥပဒေစိုးမိုးမှုရှိရမယ်။ ချမ်းသာကြွယ်၀အောင် အတူတကွ လုပ်ဆောင်ရမယ်။ တဦးနဲ့တဦး အဆင်ပြေချစ်ခင်ကြတဲ့ လူ့ဘောင်တည်ဆောက်ရမယ်။ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရအောင် လုပ်ရမယ်။ (ကွန်မြူနစ်)ပါတီရဲ့ ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းရမယ်ဆိုပြီး မရှိမဖြစ် အချက်ရှစ်ချက်ကို ချမှတ်ပြန်တယ်။ သူက ရှစ်ချက်မှာ ကျန်တဲ့အချက်တွေအကုန်လုံးကို နောက်ဆုံးအချက်နဲ့ ချုပ်ပစ်လိုက်တာပဲ။



သူက ၈ ဂဏန်းကိုတော့ အတော်ကြိုက်ပုံရတယ်။ နောက်ထပ် မူဝါဒတခုကိုလဲ ရှစ်ဂဏန်းတပ်ပြီး ထုတ်ပြန် တယ်။ Eight-point Regulation တဲ့။ လိုက်နာရမည့် အချက်ရှစ်ပါးတဲ့။ အုပ်ချုပ်သူခေါင်းဆောင်တွေက အောက်ခြေ လူတန်းစားနဲ့ နီးစပ်ရမယ်။ ဖဲကြိုးဖြတ်အခမ်းအနားတွေ သိပ်မတက်ရဘူး။ အစိုးရပြန်တမ်း ကြေငြာချက်တွေ လျှော့ချရမယ်။ နိုင်ငံခြားခရီးတွေကို သိပ်လိုလွန်းမှ ထွက်ရမယ်။ ခေါင်းဆောင်အကြီး အကဲတွေ ကားဖြတ်ရင် အများသူငါကားတွေကို တားထားတာမျိုးကို လျှော့ချရမယ်။ မီဒီယာတွေက နိုင်ငံ့အကြီးအကဲတွေ အကြောင်းကို လိုအပ်တာပဲ ရေးရမယ်၊ မလိုတာတွေ မရေးရဘူး။ အုပ်ချုပ်သူလူကြီး လူကောင်းများက မလိုအပ်ဘဲ ချီးကျုးဂုဏ်ပြုလွှာတွေ ရေးသားထုတ်ဝေတာမျိုးကို ရှောင်ရမယ်။ နိုင်ငံ့ ခေါင်းဆောင်များက အသုံးအစွဲ၊ အသုံးအဖြုန်းချွေတာရမယ်တဲ့။



တရုတ်ရဲ့ နံပါတ်တပ်မူဝါဒတွေက များလွန်အားကြီးတော့ ကိုယ်ကလေးဘ၀ကျော်ဖြတ်ခဲ့ရတဲ့  စစ်အာဏာရှင် န၀တလက်ထက်က တို့တာဝန်အရေး ၃ ပါးဆိုတာ ဘာမှမဟုတ်ပါလားလို့ တွေးမိလိုက်တယ်။ နံပါတ်တပ်မူဝါဒတွေကို တခုချင်းချရတာ အားမရလို့ တခါ Xi Jinping Thought on Socialism with Chinese Characteristics for a New Era ဆိုပြီး ရှီကျင့်ဖင်ရဲ့ ခေတ်သစ်အတွက် တရုတ်မှုပြုထားသော ဆိုရှယ်လစ် အတွေးအခေါ်များဆိုပြီး ထုတ်ပြန်ရာမှာ ကဏ္ဍပေါင်း ၁၄ ခု ပါပါတယ်တဲ့ဗျာ။



နာမည်ကြီး အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကလဲ လူသိရှင်ကြား သူ့ရဲ့ အတွေးအခေါ်တွေကို လေ့လာဖတ်ရှုကြတယ်ဆိုပဲ။ တက္ကသိုလ်အချို့ကလဲ ရှီကျင့်ဖင်အတွေးအခေါ်တွေ လေ့လာရေးဋ္ဌာနတွေ တည်ထောင်ကုန် ကြတယ်။ အလီဘာဘာအင်တာနက်ဈေးရောင်းကုမ္ပဏီကလဲ ရှီကျင့်ဖင်အတွေးအခေါ်လေ့လာရေးဆိုပြီး application တခု ထွင်လိုက်တယ်။ အခုတော့ အလီဘာဘာသူ‌ေဋ္ဌးလဲ တရုတ်ဘဏ်စနစ်ကို အပေါင်ဆိုင်စနစ်နဲ့ နှိုင်းပြီးဝေဖန်မိလို့ ပြဿနာတွေတက်ပြီး အတော်ကို ခြေငြိမ်လက်ငြိမ် ဖြစ်သွားရရှာတယ်။

 
 

 

 

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...