“အဆုံးထိ စစ်အုပ်စုကိုဆန့်ကျင်ပြီး တိုက်ပွဲဝင်သွားဖို့ရှိပါတယ်။ မအောင်မြင်သ၍ ကျွန်တော်တို့တွေ စာသင်ခန်းထဲ ပြန်ဝင်မှာမဟုတ်ဘူးခင်ဗျ”

“အဆုံးထိ စစ်အုပ်စုကိုဆန့်ကျင်ပြီး တိုက်ပွဲဝင်သွားဖို့ရှိပါတယ်။ မအောင်မြင်သ၍ ကျွန်တော်တို့တွေ စာသင်ခန်းထဲ ပြန်ဝင်မှာမဟုတ်ဘူးခင်ဗျ”

စောညိုမင်း၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသား

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မော်လမြိုင်မြို့ရဲ့ ကျောင်းသားတွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းမှာ ဦးဆောင်းပါဝင်ခဲ့ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသား စောညိုမင်းနဲ့ဆက်သွယ်ပြီး စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်ဖို့ စစ်သင်တန်းတက်ရောက်နေတဲ့ အတွေ့အကြုံကို မေးမြန်းထားပါတယ်။

မေး - ဘာကြောင့် စစ်သင်တန်းတက်ဖို့ စဉ်းစားဖြစ်တာလဲ။

ဖြေ - စစ်သင်တန်းတက်ဖို့ စဉ်းစားဖြစ်တာက နဂိုကတည်းကပါ။ အာဏာစသိမ်းခါစက ကျွန်တော်တို့ ကျောင်းသားတွေစုပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဖို့ နည်းလမ်းတွေရွေးချယ်ကြတယ်။ အဲ့တုန်းကတော့ အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြဖို့ကိုပဲ တွန်းအားပေးမှုတွေကများတော့ အဲ့နည်းလမ်းကိုပဲ ရွေးချယ်ခဲ့ရတယ်။ နောက်ပိုင်းမှာကြတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေက ပိုမိုးဆိုးဝါးလာတာကြောင့် စစ်သင်တန်းတက်ဖြစ်ဖို့ကို ပိုပြီးစဉ်းစားဖြစ်လာတယ်။

မေး - စာသင်ခန်းတွေကိုစွန့်ပြီး စစ်သင်တန်းလာတက်ဖြစ်လာတဲ့အကြောင်းကို ပြောပြပါ။

ဖြေ - စာသင်ခန်းကိုစွန့်ပြီး ထွက်လာခဲ့ရတာကတော့ ရိုးရှင်းပါတယ်။ ကျွန်တော်တို့ ကျောင်းသားထုညီလာခံရဲ့ ဆုံးဖြတ်ချက်မှာပါဝင်တဲ့ နောက်ဆုံးအချက်အရ "စစ်အာဏာရှင်၏ ပညာရေးစနစ်အောက်တွင် လုံးဝ (လုံးဝ) ပညာသင်ကြားမည်မဟုတ်" ဆိုတဲ့ ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ စစ်ကောင်စီရဲ့လက်အောက်မှာ ကျွန်တော်တို့ ဘယ်သောအခါမှ ပညာဆက်လက်မသင်ယူနိုင်ပါဘူး။ ပြီးတော့ ကျွန်တော်ကလည်း တခေါက် ဖမ်းဆီးထိန်းသိမ်းခံထားရဖူးတာဆိုတော့ မြို့ပေါ်လှုပ်ရှားမှုတွေမှာ ဆက်လက်လုပ်ဆောင်ဖို့ဆိုတာက နည်းနည်းခက်ခဲလာတယ်။ အစပိုင်းကတော့ ‌မသိမသာ လှုပ်ရှားဖြစ်သေးတယ်။ နောက်ပိုင်းကျ အဆင်မပြေတော့ဘူးလေ။ ဒီလိုနဲ့ စစ်ကောင်စီကို လက်နက်ကိုင်ပြီး တော်လှန်ဖို့အတွက် စစ်သင်တန်းကို တက်ဖြစ်တာပါ။

မေး - စစ်သင်တန်းတက်ဖို့အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ရသေးလဲ။

ဖြေ - ပြင်ဆင်မှုတွေကတော့ အများကြီးလိုတာပေါ့နော်။ ဒါပေမယ့် အဓိကကတော့စိတ်ပဲ။ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီး စိတ်ပိုင်းဖြတ်လိုက်နိုင်ပြီဆိုရင်တော့ ကျန်တဲ့အသေးအမွှားလေးတွေက အေးဆေးပါပဲ။ ချေးမများဖို့တော့ လိုတာပေါ့။ တော်လှန်ရေးလုပ်ဖို့လာပါတယ်ဆိုမှ အိမ်မှာနေတာနဲ့တော့ ဘယ်တူပါ့မလဲ။ အနေဆင်းရဲမယ်၊ အစားဆင်းရဲမယ်၊ စတာတွေ‌ပေါ့။ ခုနကပြောခဲ့သလိုပဲ လာရင်းရည်ရွယ်ချက်အပေါ်ပဲမူတည်တယ်။ မိမိရဲ့ရည်ရွယ်ချက်ကို စိတ်ထဲနှလုံးသွင်းထားပြီးရင်တော့ ကျန်တဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ အဓိက ပြင်ဆင်ရတာက စိတ်ပါပဲ။

မေး - ကိုယ်နဲ့အတူတက်တဲ့ သင်တန်းသား ဘယ်လောက်ရှိလဲ။ အမျိုးသမီးတွေရောပါလား။

ဖြေ - ကျွန်တော်တက်တဲ့သင်တန်းအပတ်စဉ်မှာတုန်းကတော့ သင်တန်းသားက ရာဂဏန်းပြည့်ခါနီးနီးပါပဲ။ အမျိုးသမီး ၁၀ ရာခိုင်နှုန်းလောက်ပါပါတယ်။

မေး - စစ်သင်တန်းတက်နေစဉ်မှာ ကိုယ့်အတွက် အခက်အခဲဆုံးအပိုင်းက ဘာဖြစ်မလဲ။

ဖြေ - အခက်အခဲဆုံးအပိုင်းကတော့ ကာယကြံ့ခိုင်မှုပါပဲ။ အရင်က အားကစားတွေဘာတွေလုပ်ဖြစ်ပေမယ့်လည်း စစ်သင်တန်းနဲ့တော့ ကွာတယ်လေ။ စာသင်ခန်းထဲမှာရှိနေရမယ့် ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလိုလေ့ကျင့်မှုတွေကြားမှုတော့ ကာယကြံ့ခံမှုအားကောင်းဖို့က လိုအပ်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သင်တန်းကာလတစ်လျောက်မှာတော့ ကြိုးစားရုန်းကန်ပြီး လေ့ကျင့်ခဲ့ပါတယ်။

မေး - တတ်လာတဲ့ပညာတွေနဲ့ စစ်အုပ်စုကိုဆန့်ကျင်ဖို့ ဘယ်လောက်ထိ စိတ်ပိုင်းဖြတ်ထားလဲ။

ဖြေ - ဒီပညာတွေနဲ့ အဆုံးထိ စစ်အုပ်စုကိုဆန့်ကျင်ပြီး တိုက်ပွဲဝင်သွားဖို့ရှိပါတယ်။ မအောင်မြင်သ၍ ကျွန်တော်တို့တွေ စာသင်ခန်းထဲ ပြန်ဝင်မှာမဟုတ်ဘူးခင်ဗျ။

မေး - စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့ ပြည်သူတွေကိုရော ဘာတွေပြောချင်သလဲ။

ဖြေ - စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်သူတွေကို ပြောချင်တာကတော့ ဆက်လက်ပြီး တောင့်ခံထားပေးကြပါ။ နိုင်ရာအခန်းကဏ္ဍကနေပြီးတော့ ဒီတော်လှန်ရေးကြီးမှာ ပါဝင်ပေးကြပါ။ အရေးကြီးဆုံးကတော့ သွေးအေးသွားလို့မဖြစ်ပါဘူး။ ကျဆုံးသွားတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ဒီတော်လှန်ရေးအောင်မြင်ဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။ ပေးဆပ်ထားရတဲ့ အသက်တွေတိုင်းက တန်ဖိုးရှိပါတယ်။ သူတို့တွေအတွက် အတူတူတိုက်ပွဲဝင်ပေးကြပါ။

မေး - နေရာအသီးသီးမှာ သင်တန်းတက်နေတဲ့ လူငယ်တွေကိုရော ဘာများပြောချင်သလဲ။

ဖြေ - နေရာအသီးသီးမှာ သင်တန်းတက်နေတဲ့ ရဲဘော်တွေကို ပြောချင်တာကတော့ ကြိုးစားကြပါ။ ရဲဘော်တို့အပေါ် မျှော်လင့်နေကြတဲ့ ပြည်သူလူထုကြီးရှိနေပါတယ်။ ရဲဘော်တို့လုပ်နေတာဟာ တစ်ပါတီအတွက် လူပုဂ္ဂိုလ်တစ်ဦး လူတစ်စုကောင်းစားဖို့အတွက် မဟုတ်ဘူး။ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် လုပ်ဆောင်နေကြတာ။ သင်တန်းကာလမှာတော့ အခက်အခဲတွေကြုံရမှာပဲ။ ဒါကို ကြံ့ကြံခိုင်ရင်ဆိုင်ပါ။ ရှေ့ဆက်ရမယ့်ခရီးလမ်းဟာ ခက်ခဲမယ်၊ ကြမ်းတမ်းမယ်။ ဒါတွေအတွက် ကြိုတင်ပြင်ဆင်ကြပါ။ ကြိုးစားလေ့ကျင့်ကြပါ။ အားမလျော့ကြပါနဲ့လို့။ မဝေးတော့တဲ့ပန်းတိုင်ကို ကျွန်တော်တို့ လှမ်းမြင်နေရပါမည်။ အရေးတော်ပုံအောင်ရမည်။

ဖြေ - ကျေးဇူးတင်ပါတယ်။

 
 

 

 

Most read this week

May 20, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို...
May 20, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF...
May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...