MUP နုတ်ထွက်လာသူအချို့ မွန်ရေးရာအဖွဲ့ စတင်ဖွဲ့စည်း

MUP နုတ်ထွက်လာသူအချို့ မွန်ရေးရာအဖွဲ့ စတင်ဖွဲ့စည်း
မွန်ရေးရာအဖွဲ့ တည်ထောင်လိုသူများအစည်းအဝေး (MNA)
မွန်ရေးရာအဖွဲ့ တည်ထောင်လိုသူများအစည်းအဝေး (MNA)

မွန်ညီညွတ်ရေးပါတီ MUP မှ နုတ်ထွက်လာသူအချို့ မေလ ၂၃ ရက်နေ့က မော်လမြိုင်မြို့ မွန်ဓမ္မာရုံတွင် အစည်းအဝေးတရပ်ကျင်းပ၍ တည်ထောင်လိုသူ ၁၉ ဦးဖြင့် မွန်ရေးရာအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဦးဆောင်လှုပ်ရှားသူ နိုင်မွန်ရာဇာက “မွန်ရေးရာအဖွဲ့ကို ကနဦးတည်ထောင်လိုသူ ၁၉ ဦးနဲ့ မှတ်ပုံတင်မယ်။ ရည်ရွယ်ချက် (၅) ချက်ရှိတယ်၊ ဇွန်လပထမအပတ်မှာ အစည်းအဝေးပြန်ခေါ်မယ်၊ ရေးဆွဲထားတဲ့မူကြမ်းကို ပြန်လည်ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်။ နောက် သုံးသပ်ပြီးတော့ အတည်ပြုမယ်ပေါ့နော်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မွန်ရေးရာအဖွဲ့ကို မွန်ပြည်နယ်အခြေစိုက် အသင်းအဖွဲ့အဖြစ် ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ပြီး ဒေသအသီးသီး၊ နယ်ပယ်အရပ်ရပ်မှ မွန်တိုင်းရင်သားများ ပါဝင်လာနိုင်အောင် မြို့နယ်၊ ရပ်/ကျေး အဆင့်သို့တိုင် ဖွဲ့စည်းတည်ထောင်သွားမည်ဟု ဆိုသည်။

“မွန်ရေးရာအဖွဲ့မှာ အခု ကနဦးတည်ထောင်သူထဲမှာ ပြန်ကြည့်လိုက်တော့ ပါတီကနေ နုတ်ထွက်တဲ့သူတွေက များတဲ့သဘောမှာရှိတယ်။ အမှန်ကျတော့ အဲ့ဒီပုံစံမျိုးမဟုတ်ပါဘူး၊ ဒီမွန်ရေးရာအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေအတိုင်း ဦးတည်ပြီးတော့ လုပ်ဆောင်သွားမယ်” ဟု ၎င်းကဆက်ပြောသည်။

အဓိကရည်ရွယ်ချက်အနေဖြင့် မွန်တစ်မျိုးသားလုံးနှင့်ပတ်သက်သည့် ကဏ္ဍများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်ရန်၊ ပြန့်ကျဲနေသည့် မွန်အင်အားစုများ စုပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်သည်။

ထို့အပြင် မွန်စာပေယဉ်ကျေးမှု အနုပညာများနှင့်ပတ်သက်ပြီး စင်တာမျိုးလုပ်ဆောင်ရန်ရှိကြောင်း၊ အဖွဲ့စည်းအနေဖြင့် စာပေသင်ကြားရေး၊ မွန်စာပေယဉ်ကျေးမှု၊ ကျန်းမာရေး၊ သုတေသနလုပ်ဆောင်မှုများ၊ အခြား လူမှုရေး ပရဟိတလုပ်ငန်းများ စသည်တို့ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

လက်ရှိဖွဲ့စည်းလိုက်သည့် မွန်ရေးရာအဖွဲ့တွင် ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ခေါင်းဆောင်များက ဦးဆောင်လျက်ရှိကြောင်း တွေ့ရသည်။

အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အား ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP တရားဝင် နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်လာပြီးနောက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် ပေါင်းစည်း၍ ၂၀၁၈ ခုနှစ်တွင် မွန်ညီညွတ်ရေးပါတီ MUP ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သို့ရာတွင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်လာပြီး နစကကောင်စီအဖွဲ့တွင် MUP ကိုယ်စားလှယ် ပါဝင်မည့်ကိစ္စကို မဲခွဲဆုံးဖြတ်ရာ၌ ဗဟိုကော်မတီ ၃ ပုံ ၂ ပုံ သဘောတူသော်လည်း လက်မခံနိုင်သည့် ဗဟိုကော်မတီ ၃၀ ဦးခန့်အပါအဝင် ပါတီဝင်စုစုပေါင်း ၆၀ ဦးခန့် နုတ်ထွက်လိုက်ပြီးနောက် မွန်ရေးရာအဖွဲ့ကို ဖွဲ့စည်းလာခြင်းဖြစ်သည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...