အရေးယူရန်ကြန့်ကြာနေသည့်ယာဉ်တိုက်မှု ဝန်ကြီးချုပ်ထံတိုင်ကြား

အရေးယူရန်ကြန့်ကြာနေသည့်ယာဉ်တိုက်မှု ဝန်ကြီးချုပ်ထံတိုင်ကြား
by -
မွန်သတင်းအေဂျင်စီ
ယာဉ်တိုက်မှုကြောင့်ခြေတစ်ဖက်ဖြတ်ခံခဲ့ရသူ ဒေါ်အုန်းဝင်းက ၄င်းအမှုကြန့်ကြာနေသဖြင့် မေလ ၁၂ ရက်နေ့၊ ရေးမြို့တွေ့ဆုံပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ တိုင်ကြားခဲ့သည်။

ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ဒေါ်အုန်းဝင်း က “ကျမက ၂၀၁၆ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကားနဲ့ တိုက်ခံရတာပါ။ ရဲစခန်းကိုအကြိမ်ကြိမ်သွားလည်း အမှုတွဲကို ရုံးမတင်ပေးသေးပါဘူး။ ကျမအနေနဲ့တရားဥပဒေစိုးမိုးမှုကို မခံယူရသေးတဲ့အတွက် ဒါကို ကူညီဆောင်ရွက်ပေးစေလိုတယ်” ဟု ဆိုသည်။

လွန်ခဲ့သည့် ဧပြီ ၄ ရက်နေ့တွင် မော်လမြိုင်ခရိုင်ရုံးမှ ရဲမှူးးလာရောက်စစ်ဆေးခဲ့ကြောင်း၊ ၄င်းယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် သတိမလစ်ခဲ့သဖြင့် တရားခံကို မှတ်မိကြောင်း၊ ယာဉ်ပိုင်ရှင်မှ လူမှုရေးအရ တစုံတရာ ကူညီဆောင်ရွက်ပေးမှုမရှိကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ရန်ကုန်မြို့တွင် ဆေးကုသခံယူခဲ့ရကြောင်း ဒေါ်အုန်းဝင်းက ပြောသည်။

သို့ရာတွင် ရေးမြို့နယ်၊ မြို့နယ်ရဲမှူးမြင့်သော်က“အခင်းဖြစ်ရာ ပတ်ဝန်းကျင်သက်သေတွေကိုစုံစမ်းပါတယ်။ ပတ်ဝန်းကျင် သက်သေအနေနဲ့ တရားခံအစစ်မှန် ဘယ်သူလဲဆိုတာ အတိကျဘယ်သူမှ တင်ပြခြင်းမရှိပါဘူး။ ဒဏ်ရာရရှိတဲ့အမျိုးသမီးကို မေးမြန်ရာမှာလဲ သူလဲဘယ်သူဘယ်ဝါအတိကျ မဖြေကြားပေးနိုင်ဘူး” ဟု ဆိုသည်။

ပတ်ဝန်းကျင်သက်သေဖြင့် ရဲလုပ်ငန်းပြည့်စုံစွာဆောင်ရွက်ပြီးမှ ဥပဒေအကြံပြုချက်တင်ပြရမည်ထားကြောင်း၊ ခရိုင်တပ်ဖွဲ့မှူးကိုယ်တိုင်ခရိုင်ရုံးကို တိုင်တန်းသူအားဆင့်ခေါ်ပြီး ဖြစ်စဉ်အဖြစ်မှန် ဖြစ်ပေါ်နိုင်ရေး အတွက် ခရိုင်တပ်ဖွဲ့မှူးကိုယ်တိုုင်စစ်ဆေးနေကြောင်း  ရဲမှူးက ဆက်ပြောသည်။

အဆိုပါအမှုအား ရေးမြို့မရဲစခန်း နယ်ထိန်းခေါင်ဆောင် ဒါးရှင်းခိုင်မှ အမှုစစ်တာဝန်ယူပြီး ဇန်နဝါရီ ၁၂ ရက်နေ့တွင် စတင်စစ်ဆေးခဲ့သည်ဟု ရေးမြို့မရဲတပ်ဖွဲ့မှ သိရသည်။

၅ လကြာ ဖြစ်ပွားခဲ့သည့် ဒေါ်အုန်းဝင်း ယာဉ်တိုက်ခံရမှုနှင့်ပတ်သက်ပြီး တရားရုံးသို့ အမှုတွဲမရောက်သည့်အပေါ် အဆိုပါ အမှုအား စဉ်ဆက်မပြတ်စောင့်ကြည့်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်က ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်အား ပြောကြားခဲ့သည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...