စစ်အုပ်ချုပ်မှုရက် (၁၀၀) အတွင်း ကျိုင်းတုံတွင် လောင်းကစားရုံဖွင့်ခွင့်ပေး

စစ်အုပ်ချုပ်မှုရက် (၁၀၀) အတွင်း ကျိုင်းတုံတွင် လောင်းကစားရုံဖွင့်ခွင့်ပေး

သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီအုပ်ချုပ်သည့် ရက် (၁၀၀) အတွင်း လောင်းကစားရုံများ ဖွင့်ခွင့်ပြုပေးထားကြောင်း သတင်းရရှိသည်။

မေလ ၁၀ ရက်နေ့သည် စစ်အာဏာသိမ်းမှု ရက် (၁၀၀) ပြည့်သည့်နေရက်ဖြစ်ပြီး၊ ထိုရက် ၁၀၀ အတွင်း စစ်ကောင်စီမှ ကျိုင်းတုံမြို့နယ်တွင် လောင်းကစားရုံများ ဖွင့်ခွင့်ပြုလိုက်သဖြင့် ကျိုင်းတုံပြည်သူများက စိုးရိမ်မှုများစွာရှိနေသည်ဟု သိရသည်။

လောင်းကစားဖွင့်ခွင့်ပြုထားသည့် နေရာများမှာ ကျိုင်းတုံမြို့နယ် ကတ်ဖှကျေးရွာအုပ်စု၊ ယန်းကိန်ကျေးရွာအုပ်စု၊ မိုင်းလန်းကျေးရွာအုပ်စု၊ ကတ်တောက်ကျေးရွာအုပ်စု၊ ဝပ်ဆောင်းကျေးရွာအုပ်စု၊ ကတ်ထိုင်းကျေးရွာအုပ်စုနှင့် လွယ်လုံကျေးရွာအုပ်စုဖြစ်သည်။

ထိုလောင်းကစားနေရာကို ကျေးရွာတွင်နေထိုင်သည့် လူငယ်အများအပြား သွားရောက်ကာ လောင်းကစားပြုလုပ်ကြကြောင်း ကျိုင်းတုံဒေသခံ အသက် (၃၅) နှစ်အရွယ် အမျိုးသားတဦးကပြောသည်။

“သျှမ်းတိုင်းရင်းသားတွေက လောင်းကစားကြိုက်တော့ လောင်းကစားပေးလုပ်ရင် အာဏာဖီဆန်တာတွေ မရှိတော့ဘူးဆိုတာ စစ်ကောင်စီတွေက သိထားတဲ့အတွက်ကြောင့် လောင်းကစားတွေ ပေးလုပ်တယ်လို့ပဲမြင်တယ်” ဟု ကျိုင်းတုံမြို့နေ အမျိုးသားတစ်ဦးကပြောသည်။

စစ်ကောင်စီသည် သျှမ်းလူငယ်များ နိုင်ငံရေးစိတ်မဝင်စားရန်နှင့် သျှမ်းလူငယ်ဘဝ ပျက်စီးရန်ရည်ရွယ်ပြီး လောင်းကစားရုံကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ လောင်းကစားရုံ၏ နောက်ကွယ်တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များရှိနေသဖြင့် မည်သူတဦးတယောက်မှ ကန့်ကွက်မှု မပြုလုပ်ရဲကြောင်းလည်း ကျိုင်းတုံဒေသခံပြည်သူများက ပြောသည်။

“ဒီလိုလောင်းကစားလုပ်တာက လူငယ်တွေ အကျင့်ပျက်စားပြီး အိမ်ထောင်ရေးပြသာနာတွေ များလာနိုင်တယ်။ လောင်းကစားများရင် မူးယစ်ဆေးဝါးတွေလည်း ပေါများလာမယ်။ ဒါ တမင်လုပ်တဲ့သဘောပါပဲ” ဟု ကျိုင်းတုံဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးတို့ကိုပူးပေါင်းပြီး ရာသီပွဲတော်များမှာ လောင်းကစားဖွင့်လှစ်ခြင်း၊ ကျေးရွာ တစ်နေရာမှတစ်နေရာသို့ လှည့်ပတ်ပြီး ပြုလုပ်လေ့ရှိကြောင်း ကျိုင်းတုံဒေသခံများက ပြောဆိုကြသည်။

“လောင်းကစားမှာ သွားရောက်ကစားတဲ့သူတွေ တအားများတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကတ်တောက်ကျေးရွာအုပ်စုက လူငယ်တစ်ယောက် သွားကစားတာ သိန်း (၄၀၀) လောက် ရှုံးတယ်လို့ကြားရတယ်။ ဒါက ကျနော်တို့ ကြားသိရသလောက်ပဲရှိသေးတယ်။ မူးယစ်ဆေးဝါးလည်း များလာတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

စစ်ကောက်စီကို အာဏာဖီဆန်သည့် အများစုသည် လူငယ်ပိုင်း၊ လူလတ်ပိုင်းများဖြစ်ကြသည့်အတွက် အာဏာဖီဆန်မှုမရှိစေရန်အတွက် လောင်းကစားခွင့်ပြုမိန့်ကို ပေးထားခြင်းဖြစ်နိုင်ကြောင်းလည်း ကျိုင်းတုံဒေသခံများက ပြောဆိုကြသည်။

လောင်းကစားပွဲထဲတွင် လေးကောင်ကင်များ၊ ဖဲဝိုင်းများ၊ ကုံးကင်းများ၊ ၃၆ ကောင်များ၊ လောင်းကစားမျိုးစုံရှိပြီး ကြက်ဝိုင်းများလည်းရှိကြောင်း သိရသည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...