သျှမ်းပြည်တွင် ဘဏ်မှငွေထုတ်ယူမှု ပိုခက်ခဲလာပြီး စီပွားရေးကြပ်တည်းလာ

သျှမ်းပြည်တွင် ဘဏ်မှငွေထုတ်ယူမှု ပိုခက်ခဲလာပြီး စီပွားရေးကြပ်တည်းလာ

စစ်အာဏာသိမ်းယူမှု ရက်ပေါင်း (၁၀၀) နီးပါးရှိလာပြီး မြန်မာတဝှမ်းရှိ ဘဏ်များရှေ့တွင် မိမိဘဏ်အပ်ငွေများအား ပြန်လည်ထုတ်ယူရန် မိုးမလင်းခင်ကတည်းက တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

မတ် ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ATM/POS ငွေသားထုတ်ပါက တဦးလျှင် ကျပ် ၅ သိန်း၊ ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူလျှင် တဦးချင်းအတွက် တပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများအတွက် တပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၀ သတ်မှတ်ကြေညာခဲ့သည်။

ထို့နောက် မြန်မာပြည်သူများက အလုအယက် ငွေထုတ်ယူမှုများရှိလာကြသည့်အတွက် တိုကင်စနစ်ဖြင့်သာ ငွေထုတ်ပေးလာကာ ပြည်သူများ အခက်အခဲပိုဖြစ်လာကာ ပွဲစားမှတဆင့် ထုတ်ယူနေကြကြောင်း သိရသည်။

“ကျမတို့ဆိုင်မှာ Kpay နဲ့ ငွေသွားထုတ်တာ တစ်သိန်းကို (၈၀၀၀) ပေးရတယ်။ အရင်က တစ်သိန်းကို (၂၀၀၀) ပဲပေးရတယ်။ ဈေးတက်လာတယ်။ ထုတ်တဲ့သူလည်း အလုအယက်ပဲ။ ကျမတို့ သွားထုတ်နေကျနေရာဆိုရင် မထုတ်ပေးတော့ဘူး။ ငွေမရှိတော့ဘူးလို့ပြောတယ်” ပင်လုံဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ အရောင်းအဝယ်မှာလည်း ငွေပေးချေမှုစနစ်မှာ ငွေသားသာလက်ခံနေပြီး၊ အွန်လိုင်းငွေလွှဲမှုကို မသုံးတော့သည့်အတွက် ခက်ခဲမှုများစွာရှိနေကြောင်းလည်း ပင်လုံဒေသခံအမျိုးသမီးက ပြောသည်။

“ငွေလွှဲပြီး ပစ္စည်းဝယ်တာတောင် လက်မခံတော့ဘူး။ ငွေသားနဲ့ပဲ ရချင်တာတဲ့။ အခက်ခဲတစ်အားဖြစ်လာတယ်။ Kpay နဲ့ ငွေသွားထုတ်ရင်လည်း ကော်မရှင်ခက တစ်နေ့ထက်တစ်နေ့ တက်ဖို့ပဲရှိတယ်။ ကျမတို့အတွက် အများကြီးရှုံးတယ်” ဟု အသေးစားစီးပွားရေးလုပ်ကိုင်သူ လူငယ်တစ်ဦးကပြောသည်။

အလားတူ ယနေ့ မေ (၁၀) ရက်မှာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၊ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင်လည်း ငွေထုတ်ရန်အတွက် မနက် မိုးမလင်းခင်ကတည်းက ရာနှင့်ချီ ပြည်သူများ ဘဏ်ရှေ့တွင် သွားရောက်စောင့်ဆိုင်းနေကြသည်။

“ကိုယ့်ငွေကိုရဖို့အတွက် တစ်မနက်လုံးတန်းစီပြီး နေပူတဲ့နေ့လည်းရှိသလို မိုးရွာတဲ့နေ့လည်းရှိတယ်။ အပေါ့သွားချင်ပေမယ့် သွားရင် ကိုယ့်အလှည့်ကျော်မှာစိုးရိမ်ရနဲ့ တမနက်လုံး လက်တစ်ထွာလောက်တောင် မရွေ့သေးဘူး။ တန်းစီပြီးစောင့်တဲ့သူက လူရာချီတယ်” ဟု လားရှိုးဒေသခံ တစ်ဦးက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေကျဆင်းခြင်း၊ ရွှေဈေး အဆမတန်မြင့်တက်ခြင်းများ ကြုံတွေ့နေရပြီး ပြည်သူများလည်း ဘဏ်များကို ယုံကြည်မှုမဲ့လာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှားလာသောကြောင့် စီးပွားရေးများ၊ နိုင်ငံတော်ယန္တယားများ ကောင်းမွန်စွာလှည့်ပတ်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...