ဖာပွန်တွင် BGF တပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံရောက်ရှိဟု KNU ပြော

ဖာပွန်တွင် BGF တပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံရောက်ရှိဟု KNU ပြော

ကရင်ပြည်နယ် ဖာပွန်မြို့ထဲတွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် အယောက် ၁၀၀ ကျော် ယနေ့ (မေ ၁၀ ရက်) နံနက်အစောပိုင်းတွင်  ထပ်မံရောက်ရှိသည်ဟု KNU - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ (၅) က ပြောသည်။

အဆိုပါရောက်ရှိလာသည့် BGF တပ်ဖွဲ့ဝင်များသည် ဖာပွန်မြို့ထဲတွင်နေပါက ပြဿနာမရှိသော်လည်း ဖာပွန်မြို့ကိုကျော်၍ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာလျှင် ထိပ်တိုက်ထိတွေ့မှုများ ဖြစ်ပွားနိုင်သည်ဟု KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို့က ကေအိုင်စီသို့ပြောသည်။

၎င်းက “ဖာပွန်မှာက အရင်ကတည်းက BGF တွေလည်းရှိထားတယ်။ အခုက ထပ်ပြီးတက်လာတာပေါ့။ ဖာပွန်ထဲမှာပဲနေရင်တော့ ဘာမှတော့မဖြစ်လောက်ဘူး။ အဲမှာမနေဘဲ ဒီဘက်ကိုဆက်လာရင်တော့ တစ်ခုခုတော့ဖြစ်လာမှာပေါ့။ BGF တွေက နယ်မြေထဲဝင်လာရင် အရင်ကတည်းက သူတို့တွေကြီးပဲမဝင်လာဘူး။ စစ်တပ်နဲ့အတူ လိုက်လာတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက KNU တပ်မဟာ ၅ နယ်မြေထဲတွင် ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရိက္ခာကူညီပို့ဆောင်ပေးရန် BGF တပ်ဖွဲ့ဝင် အင်အား ၄၀၀ ကျော် ကမမောင်းဒေသဘက်တွင် ရောက်ရှိထားပြီးနောက် ယခုလို ထပ်မံရောက်ရှိလာခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၅) ဘက်က ပြောသည်။

အမည်မဖော်လိုသူ ဖာပွန်ဒေသခံတစ်ဦးကလည်း “BGF နဲ့ ဗမာစစ်သားတွေပူးပေါင်းပြီး ဒီမနက်ပဲ ဖာပွန်မြို့ ရပ်ကွက် (၃) ကနေ့ ထွက်သွားပြီး ဘရင်ဂျီကုန်းဘက်ကို တက်သွားပြီးတော့ မရယ်ခီး (မရယ်ချောင်းဖျား) လမ်းဘက်ကိုတက်သွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့ မေလ (၉) ရက်နေ့တွင်လည်း ဖာပွန်-ကမမောင်းလမ်းရှိ ဝါသိုးခိုတွင် စစ်ကောင်စီတပ်၊ BGF တပ်ပူးပေါင်းတပ်ဖွဲ့နှင့် KNLA တပ်မဟာ (၅) တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း၊ အဆိုပါပစ်ခတ်မှုတွင် BGF တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

KNU တပ်မဟာ (၅) ထဲသို့ ဝင်ရောက်ခြင်းသည် အဆိုပါဒေသအတွင်းရှိ ၎င်းတို့၏ ၁၀၁၃၊ ၁၀၁၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနိုင်ရန် လမ်းကြောင်းလုံခြုံရေးယူပေးခြင်းသာဖြစ်ပြီး တပ်မဟာ (၅) ကို သွားရောက်တိုက်ခိုက်မည်မဟုတ်ကြောင်း ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် - BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက မေလ ၆ ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုထားသည်။

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...