တောင်ကြီးမြို့ စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက်၊ ငွေများသိမ်းယူ

တောင်ကြီးမြို့ စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက်၊ ငွေများသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ညအချိန် လမ်းသွားလာသူများကို လိုက်လံစစ်ဆေးပြီး အကြောင်းမဲ့ရိုက်နှက်ခြင်း၊ ငွေများသိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ကြုံတွေ့နေရသည့် တောင်ကြီးပြည်သူများက ပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် မနက် ၄ နာရီမှ ည ၈ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး၊ ဧပြီလဆန်းပိုင်းမှစတင်ကာ မနက် ၄ နာရီမှ ည ၁၀ နာရီထိ ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်လာသည်။

ထို့နောက် ညအချိန်အတွင်း လမ်းသွားလမ်းလာများကို စစ်ဆေးမှုတင်းကြပ်ကာ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ပါလာသည့်ငွေများကို သိမ်းယူခြင်းတို့ ပြုလုပ်နေသည်ဟု တောင်ကြီးဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မေ ၈ ရက်တွင် စစ်ကောင်စီအုပ်စုနှင့် ရဲသားများသည် အရပ်ဝတ်ဖြင့် လမ်းပေါ်တွင် စစ်ဆေးမှုပြုလုပ်နေစဉ် လူငယ်တစ်ချို့နှင့် ထိပ်တိုက်တွေ့ဆုံကာ ကားပေါ်မှဆင်းခိုင်းပြီး ကားအတွင်း လိုက်လံစစ်ဆေးကာ တစုံတရာရှာမတွေ့သဖြင့် ဖိနပ်ဖြင့်ပါးကိုရိုက်ကာ ပိုက်ဆံများလည်း သိမ်းဆည်းသွားကြောင်း တောင်ကြီးမြို့မှ ကိုယ်တိုင်ခံခဲ့ရသည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ မေ ၈ ရက်ည အိမ်အပြန်လမ်းမှာ အဲ့အုပ်စုကိုတွေ့တယ်။ လမ်းပိတ်စောင့်ဖမ်းတာ။ ကျနော်တို့ ကားရပ်ပေးလိုက်တယ်။ ကျနော်တို့ ကားပေါ်ကဆင်းလိုက်တာနဲ့ ချက်ချင်းရိုက်တာ။ သူတို့က ဖိနပ်နဲ့ပါးရိုက်တာ။ ကားထဲလဲစစ်တယ်။ ကျနော်ရဲ့ပိုက်ဆံက ၅ သောင်းလောက်ပါသွားတယ်။ ကျနော်ရဲ့သူငယ်ချင်း ပိုက်ဆံ ၃ သောင်းလောက်ယူသွားတယ်” ဟု ကိုယ်တိုင်ခံခဲ့ရသည့် လူငယ်က အဖြစ်အပျက်ကို ပြန်ပြောပြသည်။

တောင်ကြီးမြို့နယ် ညမထွက်အမိန့်ကို ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ဖြေလျော့ပေးခဲ့သော်လည်း ည ၉ နာရီကျော်အချိန်တွင် ပြည်သူများနောက် လိုက်လံစစ်ဆေးမှုပြုလုပ်ရာတွင် ပြည်သူများကို လက်ထိပ်ခတ်ပြီး အကြမ်းဖက်ရိုက်နှိက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကို လက်ထိတ်ခတ်ထားပြီးတော့ ရိုက်တယ်။ စကားလည်းပြောလို့မရဘူး။ ထတာနဲ့ကန်တယ်။ စကားမပြောတော့လဲ ရိုက်ပြန်တယ်။ စကားနဲနဲကျယ်ပြောတော့ ဖိနပ်နဲ့ရိုက်တာ” ဟု ၎င်းလူငယ်ကဆိုသည်။

ယမန်နေ့ ည ၇ နာရီခွဲဝန်းကျင်တွင် တောင်ကြီးမြို့တွင် အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ လူငယ် (၃) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့၌ ညပိုင်းတွင် မကြာခဏပေါက်ကွဲမှုအသံကြားနေရပြီး၊ ဖမ်းဆီးမှုများလည်း နေ့တိုင်းနီးပါးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း မေလ ၉ ရက်နေ့ထိ စစ်ကောင်စီ မှ အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်နေသည့်မှာ (၇၈၀) ဦးထိ ရှိပြီး ဖမ်းဆီးခံထားရသူ ၄၈၉၉ ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများကို ကူညီးစောင့်ရှောက်ရေး AAPP ကထုတ်ပြန်ထားသည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...