ကရင်စစ်ရှောင်များကို ပြန်မပို့ရန်နှင့် လူသားချင်းစာနာထောက်ထားမှုအရ အကာအကွယ်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်း တောင်းဆို

ကရင်စစ်ရှောင်များကို ပြန်မပို့ရန်နှင့် လူသားချင်းစာနာထောက်ထားမှုအရ အကာအကွယ်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်း တောင်းဆို

ထိုင်းအာဏာပိုင်များအနေဖြင့် ယာယီခိုလှုံနေသည့် ကရင်စစ်ရှောင်ပြည်သူများကို အတင်းပြန်မပို့ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အခြေခံမူအရ အကာအကွယ်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်တောင်းဆိုထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံလွင်မြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံနယ်စပ်တွင် ယာယီသွားရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ကရင်ပြည်သူများကို နယ်မြေခံ ထိုင်းတပ်မတော်က ကရင်ပြည်နယ်ဖက်ခြမ်းကို ပြန်သွားခိုင်းနေမှုအပေါ် သံလွင်မြစ်ပြည်သူလူထုကွန်ရက် (The Network of the People in the Salween River) က မေလ (၈) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားခြင်းဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်အဖွဲ့မှ နော်ဝါးခူရှီးက "ကျမတို့တောင်းဆိုတာက ထောက်ပံ့မှု အကူအညီတွေရရှိဖို့၊ အထူးသဖြင့် တိမ်းရှောင်လာတဲ့သူတွေဆီကို စားနပ်ရိက္ခာရောက်ရှိဖို့ပေါ့နော်။ ပြီးတော့ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေအတွက် ထိုင်းအစိုးရအနေနဲ့ ယာယီခိုလှုံဖို့နေရာဖွင့်ပေးဖို့ပေါ့နော်။ နိုင်ငံတကာကလည်း ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ပေးဖို့ပေါ့နော်။ ထိုင်းအစိုးရအနေနဲ့လည်း ဒုက္ခသည်တွေအတွက် တိကျတဲ့ ပေါ်လစီပိုင်းဆိုင်ရာတွေရှိဖို့အတွက်ပေါ့နော်" ဟု ကေအိုင်စီသို့ပြောသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲရှိ သံလွင်မြစ်ကမ်းနယ်စပ်များတွင် ယာယီခိုလှုံနေကြသည့် ကရင်စစ်ရှောင်ပြည်သူများကို မြန်မာနိုင်ငံဘက်ခြမ်း အခြေအနေတည်ငြိမ်လာပြီဖြစ်သည့်အတွက် အထက်ခေါင်းဆောင်များ၏ ညွှန်ကြားချက်အရ ဒုက္ခသည်များကိုပြန်သွားရန် နယ်မြေခံ ထိုင်းစစ်တပ်က လာရောက်ပြောဆိုခဲ့သည်ဟု ကွန်ရက်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုများ၊ နေ့စဉ်လိုလို ဒရုန်းယာဉ်များဖြင့် ကင်းထောက်မှုများရှိနေသည့်အပေါ် ဒုက္ခသည်များမှာ ၎င်းတို့လုံခြုံရေးကို စိုးရိမ်နေဆဲဖြစ်သည်။

ယခုလက်ရှိ ထိုင်းနိုင်ငံဖက်ခြမ်းတွင်ခိုလှုံနေသည့် စစ်ရှောင်ကရင်ပြည်သူများထဲတွင် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပြင် နာမကျန်းသူများအများစုဖြစ်သည်ဟု သံလွင်မြစ်ပြည်သူလူထုကွန်ရက်က ပြောသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် စစ်ကောင်စီတပ်မှ အရပ်သားများအပေါ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကိုရပ်စဲဖို့ ပြောဆိုပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အခြေခံမူများအရ ဒုက္ခသည်များကို ယာယီခိုလှုံခွင့်ပေးရန်၊ ဒုက္ခသည်များ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရယူနိုင်ရန်နှင့် ဒုက္ခသည်များကို မိမိသဘောဆန္ဒမပါဘဲ အတင်းအကြပ်ပြန်မပို့ရန် စသည့်အချက်များကို သံလွင်မြစ်ပြည်သူလူထုကွန်ရက်က ထိုင်းအာဏာပိုင်များကို တောင်းဆိုထားသည်။

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...