စစ်အာဏာရှင်အမိန့်ဖြင့် ဖွင့်လှစ်မည့် တက္ကသိုလ်ကျောင်းကို သျှမ်းလူငယ် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက သွားတက်မည်မဟုတ်ကြောင်း သျှမ်းပြည်လူငယ်များက ပြောဆိုလိုက်သည်။
မြန်မာတဝှမ်းရှိ တက္ကသိုလ်ကျောင်းများကို မေ ၅ ရက် ပြန်ဖွင့်လှစ်နိုင်ရန်အတွက် စစ်အာဏာရှင်အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း သျှမ်းပြည်ရှိ တက္ကသိုလ်များတွင် ကျောင်းသားများ သွားရောက်မှု မရှိသလောက်နည်းပါးကြောင်း၊ သျှမ်းလူငယ်များအနေဖြင့် သွားမတက်ကြကြောင်း သိရသည်။
“စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ စစ်အစိုးရဖွင့်မယ့်ကျောင်းကို မတက်ဘူး။ စာသင်မယ့်ဆရာမတွေလည်း မရှိတော့ တက်လည်းမထူးဘူး။ စစ်အစိုးရမရှိမှ တက်မယ်” ဟု ပင်လုံတက္ကသိုလ်တွင် နောက်ဆုံးနှစ်တက်နေသည့် ကျောင်းသူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်အစိုးရအနေဖြင့် နောက်ဆုံးနှစ် ဘွဲ့ကြိုတန်းနှင့် ဂုဏ်ထူးတန်းများကို ၂ လ အပြီးသင်ကာ ဘွဲ့ရပြီးလျှင်လည်း အလုပ်ကို ချက်ချင်းပေးသွားမည်ဟု ပြောဆိုခဲ့သော်လည်း ကျောင်းသားများအနေဖြင့် ကျောင်းတက်ရန်မရှိကြောင်း သိရသည်။
”ဘွဲ့ရပြီးရင်လည်း တစ်ခါတည်း အလုပ်ပေးမယ်လို့လဲကြားတယ်။ ဘာလို့လဲဆိုတော့ ဝန်ထမ်းတွေမရှိလို့တဲ့” ဟု ၎င်းကပြောသည်။
တောင်ကြီးနှင့် လားရှိုးတက္ကသိုလ်များတွင်လည်း တက္ကသိုလ်တွင်း ကျောင်းသားမရှိကြဘဲ စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် လူငယ်များ ကျောင်းမတက်ကြပေ။
သျှမ်းပြည်အတွင်း စစ်ကောင်စီအုပ်စု တပ်စခန်းအများအပြားတည်ရှိနေပြီး စစ်အင်အားလည်း တိုးချဲ့ထားသဖြင့် လူငယ်များ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် အခက်အခဲရှိနေကြောင်း၊ ထို့ကြောင့် ကျောင်းပညာရေးမတက်ဘဲ ဆက်ပြီး ဆန္ဒပြသွားမည်ဟုလည်း သျှမ်းလူထုများကပြောသည်။
ထို့အပြင် လူငယ်အများစုသည် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ယနေ့ချိန်ထိ ဆန့်ကျင်ဆန္ဒပြခဲ့ကြသဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်မှုကိုခံရမှာ စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်။
တက္ကသိုလ်ကျောင်းဖွင့်ကာ ကျောင်းသားများ ကျောင်းတက်ခိုင်းခြင်းသည်လည်း တဖက်လှည့် ကျောင်းသားများအား ဖမ်းဆီးရန်အတွက် ကြိုတင် အကွက်ဆင်မှုများဖြစ်နိုင်ကြောင်း၊ ကျောင်းတက်သည့် ကျောင်းသားများအနေဖြင့်လည်း သတိထားရန်လိုအပ်ကြောင်း သျှမ်းလူငယ်တဦးကမှတ်ချက်ပြုသည်။
“စာသင်တဲ့သူတွေတောင် CDM လုပ်လို့ ဖမ်းဝရမ်းထုတ်နေတာ။ ကျောင်းသားတွေ ဆန္ဒပြလို့ ဖမ်းဝရမ်းထုတ်နေတာ။ လူငယ်တွေ့ရင် ဖမ်းနေတာ။ လူငယ်တွေကို စာသင်ပေးတာ ဖမ်းဖို့အကွက်ကောင်းပဲ။ လမ်းသွားရင် လူငယ်ဆိုတာနဲ့ စစ်ဆေးနေတာ။ ကျောင်းသွားရင် ပိုဆိုးပေါ့” ဟု ၎င်းသျှမ်းလူငယ်က ပြောသည်။
လက်ရှိ တက္ကသိုလ်ကို သွားရောက်တက်နေသူသည် စစ်တပ်အသိုင်းအဝန်းမှဖြစ်ကြောင်း၊ စစ်သားသမီးများဖြစ်ကြောင်း၊ ကျောင်းသားများကို ပညာအမှန်ပေးခြင်းပါက စစ်အစိုးရအာဏာစွန့်လွှတ်ရန် လိုအပ်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးက ပြောသည်။
ကျိုင်းတုံမြို့ရှိ တက္ကသိုလ်ကျောင်းသားသမဂများက နိုင်ငံတဝန်းရှိ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရန် အကြမ်းဖက်စစ်ကောင်စီမှ ကြိုးစားနေကြောင်း၊ တကသိုလ်များပြန်ဖွင့်ပါက ကျောင်းသားများအနေဖြင့် ကျောင်းမတက်ရန် ဧပြီ (၂၇) ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။
စစ်ကျွန်ပညာရေးကို လုံးဝ (လုံးဝ) မတက်ရောက်၊ မသင်ယူကြဖို့လိုအပ်ကြောင်း၊ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးလာခဲ့သော ပညာရေး စနစ်ကြီး ပျက်သုဉ်းသွားစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ထဲတွင်ရှိသော အခွင့်အာဏာကိုပြသကြပြီး ကျောင်း (လုံးဝ) မတက်ကြရန် တိုက်တွန်းရေးသားထားသည်။
စစ်ကျွန်ပညာရေးစနစ်ကို လက်မခံနိုင်သည့် ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသား/သူအများစုက ကျောင်းမတက်တော့ဘဲ CDM လုပ်ဆောင်လိုက်သည့်စာရင်းမှာ မေလ (၆) ရက် ညနေပိုင်းအထိ (၆၀၀) ကျော်ရှိကြောင်း သိရသည်။
စစ်ကောင်စီမှ စစ်အာဏာသိမ်းပြီးနောက် ကျောင်းသားနှင့် ပြည်သူကို နေ့စဉ်သတ်ဖြတ်နေကြပြီး ကျောင်းပြန်ဖွင့်ပေးခြင်းသည် ယုံကြည်စရာ တခုမျှမရှိကြောင်းလည်း သျှမ်းလူငယ်များက ပြောသည်။
လက်ရှိအချိန်မှာ CDM ပြုလုပ်သော ဆရာ/ဆရာမများ များပြားလွန်းသောကြောင့် တကသိုလ်ကျောင်းသားများကို ဆရာ/ဆရာမများနေရာတွင် စေတနာ့ဝန်ထမ်းအဖြစ် အစားထိုးသင်ကြားစေမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။







