သီပေါမြို့ပေါ်ရောက်လာသည့် ပြည်သူ့စစ် ဘယ်သူ့အတွက်လဲ

သီပေါမြို့ပေါ်ရောက်လာသည့် ပြည်သူ့စစ် ဘယ်သူ့အတွက်လဲ

ပြည်သူ့လုံခြုံရေးကို တာဝန်ယူမည်ဟုပြောဆိုပြီး သီပေါမြို့ပေါ်သို့ သျှမ်းပြည်မြောက်ပိုင်းမှာ သမိုင်းဝင်အထင်ကရ ပြည်သူ့စစ်တပ်ဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူထုလုံခြုံရေးအတွက် အာဏာသိမ်းတပ်နှင့် ဆွေးနွေးခဲ့သည်။

သီပေါမြို့ဒေသခံအတွက် သူခိုး၊ ရန်သူများကို ကာကွယ်ပေးရန် လုံခြုံရေးအပြည့်အဝပေးရန်နှင့် ဆန္ဒပြသည့်လူငယ်များကို စစ်ကောင်စီမှ မဖြိုခွင်းနိုင်ရန်အတွက်ဟုဆိုပြီး ရောက်ရှိလာသည့် အဆိုပါပြည်သူ့စစ်တပ်က စိန်ကျော့ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်ပါသည်။ သူတို့ရောက်ရှိလာတာ တစ်ပတ်နီးပါးရှိပါပြီ။

သို့သော် သီပေါလူငယ်များအနေဖြင့် လုံခြုံရေးအတွက်ရောက်လာသည့် စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် အာဏာသိမ်းတပ်ဆင့်ခေါ်၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့အား အယုံအကြည်မရှိကြောင်း၊ ပြည်သူ့စစ်များသည် စစ်ကောင်စီတပ်ဖွဲ့၏ လက်အောက်ခံတွင်တည်ရှိသည့်အတွက် စိုးရိမ်မှုရှိနေကြောင်းလည်း သီပေါဆန္ဒပြခေါင်းဆောင် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယခင်ကတည်းက သူတို့က စစ်ကောင်စီနဲ့ မိတ်ဖက်တွေပါ။ သူတို့က ၁ ရက်နေ့က ဆန္ဒပြပြည်သူတွေကို ကာကွယ်ပေးမယ်။ စစ်တပ်ပစ်ရင် သူတို့ကာကွယ်ပေးမယ်ဆိုပြီး အယုံသွင်းပါတယ်။ တကယ်စစ်ကောင်စီက ပစ်ရော ပြည်သူစစ်က အလိုလိုရှောင်ထွက်သွားပါတယ်” ဟု ဆန္ဒပြ ခေါင်းဆောင် လူငယ်တဦးက ဆိုသည်။

သီပေါမြို့ လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းမှု မပြုလုပ်ရန်အတွက် စိန်ကျော့ ပြည်သူ့စစ်မှ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်ညှိနှိုင်းပေးခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း မေ (၂) ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့တွင် လူထုသပိတ်ဖြိုခွင်းခံရပြီး လူငယ်တဦး ကျဆုံးခဲ့ရသည့်အတွက် ဆိုင်ကျော့ပြည်သူ့စစ်ကို အယုံအကြည်လုံးဝမရှိတော့ကြောင်း အထက်ပါလူငယ်က ပြောသည်။

“တပ်နဲ့ ပြည်သူစစ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတစ်ခုလုပ်ပါတယ်။ ပြည်သူတွေကို သေနတ်နဲ့ မပစ်ခတ်ဖို့ဆိုပြီး၊ ဒါပေ့မယ့်လည်း ထင်ထားတဲ့အတိုင်းပါဘဲ ပစ်ပါတယ်။ ကမ္ဘာနွေဦးတော်လှန်ရေးနေ့မှာဘဲ ၁ ဦးကျသွားတယ်” ဟု အသက် ၂၅နှစ်အရွယ် ဆန္ဒပြရာတွင်ပါဝင်သည့် အမျိုးသမီးတဦးကပြောသည်။

စိန်ကျော့ပြည်သူ့စစ်သည် သီပေါမြို့ပြည်သူများ၏ လုံခြုံရေးအရတာဝန်ယူရန် လာရောက်စောင့်ကြည့်ပေးခြင်း၊ ပြည်သူများဆန္ဒပြလူထုများ အန္တရာယ်ကြုံလာပါက ပြည်သူဘက်ရပ်တည်ကာ ကာကွယ်ပေးမည်ဟု ကြွေးကြော်ကာ လာရောက်ကြခြင်းဖြစ်ကြောင်း သီပေါမြို့ ဒေသခံ အမျိုးသမီးတဦးက ပြောပြသည်။

“သူတို့က (စိန်ကျော့ပြည်သူ့စစ်) က ပြည်သူ့ဘက်လို့ပြောနေပေမယ့် စစ်ကောင်စီတပ်ရဲ့ အလိုကျလုပ်ရတယ်။ စစ်ကောင်စီရဲ့ လက်အောက်မှာရှိတာဆိုတော့ စစ်ကောင်စီအမိန့်ပေးရင် လုပ်ရမှာပဲလေ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်သည် ၁၉၈၉ ခုနှစ်က စစ်တပ်နှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူထားသည့် သျှမ်းလက်နက်ကိုင်တပ်တစ်ခု၏ ဉက္ကဌ ဗိုလ်ချုပ်လွယ်မောဆိုသူဖြစ်သည်။

၂၀၀၉ ခုနှစ် တပ်မဟာသုံးခုဦးဆောင်ပြီး စစ်အစိုးရလက်အောက်ခံ ပြည်သူ့စစ်တပ်အဖြစ် အသွင်ပြောင်းထားသည်။

လူထုကိုမပစ်ရန် စစ်တပ်ကိုတားမရသော်လည်း ပြည်သူ့စစ်တပ်ဖွဲ့တဖွဲ့အနေဖြင့် တတ်နိုင်သည့်ဘက်က လူထုဘက်ရပ်တည်ပေးကြောင်း အမည်မဖေါ်လိုသည့် စိန်ကျော့ ပြည်သူ့စစ်အရာရှိငယ်တဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

“ကျနော်တို့က လူထုဘက်ရပ်တည်တယ်ဆိုပေမယ့် တပ်ကို ရန်ပြုလို့မရဘူးလေ။ ကျနော်တို့လုပ်နိုင်တဲ့အပိုင်းက ကျနော်တို့လုပ်ပေးတယ်။ အဖမ်းခံရရင် ပြန်လွှတ်ပေးဖို့ ရဲကိုကော တပ်ကိုကော ကူပြောပေးတယ်။ တပ်က ဘယ်မှာရှိလဲ ရဲက ဘယ်မှာရှိလဲ သူတို့လာရင် ဘယ်ကလာနေပြီဆိုတာ ဆန္ဒပြတဲ့သူတွေနဲ့ ထိပ်တိုက်မဖြစ်အောင် ကျနော်တို့ ချိတ်ဆက်သတင်းပေးတာဘဲ၊ ကျနော်က လူထုကို ဘယ်တော့မှ ရန်မပြုဘူး။ လူထု ကိုမပစ်နဲ့လို့ တပ်ကို ကျနော်တို့ တားလို့မရပေမယ့် လူထုကို ကူဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်၊ ကူလည်းကူညီနေပါတယ်” ဟု အမည်မဖေါ်လိုသည့် စိန်ကျော့ ပြည်သူ့စစ်အရာရှိတဦးက ပြောသည်။

သီပေါဒေသခံများ ပြောပြချက်အရ မေ (၂) ကမ္ဘာ့လုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့တွင် ဆန္ဒပြရာမှာ ဖမ်းဆီးခံရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် စိန်ကျော့ ပြည်သူ့စစ်က အမှန်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိ သီပေါမြို့ပေါ်အတွင်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြမရအောင် စစ်ကောင်စီအုပ်စုနှင့် ပြည်သူ့စစ်အုပ်စုပူးပေါင်းကာ တပ်ဖြန့်ထားကြောင်း၊ အရပ်ဝတ်ဖြင့်သာဝတ်ဆင်ပြီး မြို့လည်ခေါင်တွင် သွားလာနေကြောင်း သိရသည်။

သီပေါမြို့တွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ တင်းကြပ်စွာစောင့်ကြည့်နေသော်လည်း ပြည်သူများက ရရာနည်းလမ်းများဖြင့် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြလျက်ရှိနေသည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...