စစ်ကျွန်ပညာရေးအောက် ကျောင်းမတက်ရန် လူငယ်များ အရှိန်မြင့်လှုပ်ရှား

စစ်ကျွန်ပညာရေးအောက် ကျောင်းမတက်ရန် လူငယ်များ အရှိန်မြင့်လှုပ်ရှား

“ကျောင်းအပ်မယ်ဆိုရင် ဒီကလေးတွေမမေ့ပါနဲ့” ဆိုသည့် စစ်ကောင်စီလက်ချက်ဖြင့်ကျဆုံးသွားသော ကျောင်းသားပုံပါစာရွက်များကို သျှမ်းပြည်နယ်အနှံ့တွင် လက်ကမ်းစာစောင်ဖြန့်ဝေလျက် စစ်ကျွန်ပညာရေးအောက် ကျောင်းမတက်ရန် လူငယ်များ အရှိန်မြင့်လှုပ်ရှားလျက်ရှိသည်။

ဇွန်လအတွင်း စစ်ကောင်စီမှ ကျောင်းများပြန်ဖွင့်နိုင်ရန် ပညာရေးဝန်ထမ်းများကို စတင်ဖိအားပေးလျက်ရှိသည်။

ထို့ကြောင့် ကျောင်းများပြန်ဖွင့်မည်ဆိုပါက မိဘများအနေဖြင့် မိမိသား/သမီးများကို ကျောင်းမအပ်ရန်အတွက် “စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း” “စစ်အာဏာရှင်ပညာရေး အလိုမရှိကြောင်း” စာသားများဖြင့် လူငယ်များက အရှိန်မြင့် ဆန္ဒထုတ်ဖော်နေကြသည်။

တဖက်မှာလည်း စစ်ကောင်စီသည် စစ်အာဏာဖီဆန်ရေး (CDM) ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို အလုပ်ပြန်ဝင်ရန် (Non - CDM) ပြန်လုပ်ရန်လည်း ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်နေသည်။

“ကျောင်းဆရာ၊ ဆရာမတွေ CDM လုပ်နေချိန် မိဘတွေ ကလေးကို ကျောင်းထပ်ပို့မယ်ဆိုရင် စဉ်းစားစရာပဲ။ မိဘတွေကိုလည်း ကလေးတွေ ကျောင်းမပို့ဖို့၊ စစ်တပ်က သေနတ်ပစ်သတ်တဲ့ကလေးတွေကို မမေ့ဖို့ ကျနော်တို့ လက်ကမ်းစာစောင်တွေ လိုက်ဝေနေတယ်” ဟု တာချီလိတ်မြို့ ဒေသခံလူငယ်တဦးက ပြောသည်။

အလားတူ မြန်မာနိုင်ငံတစ်ဝှမ်းတွင်လည် “စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိ” “ကျဆုံးသွားတဲ့ ကျောင်းသူ/သားတွေရဲ့သွေး မခြောက်သေးဘူး... မင်းတို့က ကျောင်းတက်ကြမှာလား” ပညာရေးဝန်ထမ်းများ စစ်ကောင်စီကိုမပူးပေါင်းရန် လူငယ်များက လမ်းပေါ်ထွက် တောင်းဆိုဆန္ဒထုတ်ဖော်ကြသည်။

“ကျနော်တို့က ဒီလိုမျိုးစာထုတ်ပြီး လိုက်လံဝေနေတာကတော့ ကျောင်းသားတွေကို ကျောင်းမတက်စေချင်သေးဘူး။ မိဘတွေကော၊ ဆရာမတွေကော ကျောင်းထားမယ်ဆိုရင် လူငယ်တွေ၊ ကလေးငယ်တွေ သတ်ခံရတာ အမှတ်ရစေချင်လို့ ဒီလိုစာတွေကို ဖြန့်ဝေရတာပေါ့။ အခုက ကျတော်တို့အားလုံး ရည်မှန်းချက်တော့ အရေးတော်ပုံအောင်ဖို့ပဲ” ဟု သီပေါမြို့ လူငယ်တစ်ဦးကပြောသည်။

စစ်ကောင်စီဖွင့်လှစ်မည့်ကျောင်းကို တက်ရန်အတွက် စိတ်မလုံခြုံကြောင်း၊ ကျောင်းသွားထားလျှင်လည်း ကလေးကို စိတ်ပူရမည်ဖြစ်သဖြင့် ယခုနှစ်တွင် ကျောင်းမထားရန်ဆုံးဖြတ်လိုက်ကြောင်း သျှမ်းပြည်တွင်နေထိုင်သည့် မိဘများက ပြောဆိုသည်။

လွန်ခဲ့သည့်တနှစ်တွင်လည်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉  ကူးစက်မြန်ရောဂါကြောင့် ကလေးပညာရေး တနှစ်နောက်ကျခဲ့ပြီး၊ ယခုနှစ်မှာ စစ်အာဏာသိမ်းဆည်းမှုကြောင့် ထပ်မံနားရမည်ဖြစ်သဖြင့် မိဘအနေဖြင့် စိတ်မကောင်းဖြစ်သော်လည်း ကျောင်းသွားပြီး စိုးရိမ်ပူပန်မှုမဖြစ်ချင်ကြောင်း လားရှိုးတွင်နေထိုင်သည့် မိဘတဦးက ပြောပြသည်။

“ကလေးပညာရေး နောက်ကျတာတော့ ဖြစ်တာပေါ့။ ကလေးတွေ ကျောင်းသွားပြီး အိမ်ကနေ စိတ်ပူပန်နေရမယ့်တူတူ ကျောင်းမထားတော့ဘူး။ ကျောင်းမသွားရရင် အပြင်ကနေ ဘယ်လိုလေ့လာနိုင်မလဲဆိုတာကိုတော့ ကြိုပြင်ရမှာပေါ့” ဟု လားရှိုးတွင်နေထိုင်သူ မိခင်က ပြောသည်။

မိဘတိုင်းသည် သား/သမီး ကျောင်းပြန်ဖွင့်မည်ကို မျှော်လင့်နေကြသော်လည်း လက်ရှိမှာတော့ ကျောင်းပြန်ဖွင့်မည်ကို စိုးရိမ်နေကြကြောင်း၊ ပညာရေးဝန်ထမ်းများကလည်း CDM (စစ်အာဏာဖီဆန်ရေး) တွင်ပါဝင်နေသဖြင့် စာသင်ကြားမည့် ကျောင်းဆရာ/ဆရာမများ မရှိမည့်အတူ ကျောင်းပေးသွားရန် ဆုံးဖြတ်ကြကြောင်း သိရသည်။

“ကိုယ်သား/သမီး လုံခြုံရေးလည်းစိတ်ပူရတယ်။ နောက် ဆရာမတွေက CDM ဝင်နေချိန် ကိုယ်က ကလေးကို ကျောင်းသွားထားရင် ကလေးတွေက ဘယ်သူနဲ့သင်မှာလဲ။ စာသင်နေချိန် ကလေးတွေဘာဖြစ်မယ်မှန်းမသိ မလုံခြုံဘူးလေ” ဟု အထက်ပါမိခင်က ပြောသည်။

ယမန့်နေ့ မေလ ၃ ရက်နေ့တွင် စစ်ကောင်စီမှ ပညာရေးဝန်ထမ်းများကို အလုပ်ဆင်းခိုင်းပြီး၊ အလုပ်မဆင်းသည့် ပညာရေးဝန်ထမ်းများကို ရာဇာဝတ်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းရန် ခြိမ်းခြောက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိသောကြောင့် ပြည်သူများက ကျောင်းရှေ့တွင် ဆက်လက်ဆန္ဒထုတ်ဖော်နေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီမှ ပညာရေးဝန်ထမ်းများကို ပိုမိုဖိအားပေးလာသောကြောင့် CDM ပညာရေးဝန်ထမ်းတစ်ချို့က ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့အပြင် ပညာရေးဝန်ထမ်းများ စစ်အာဏာရှင်ဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှာမှုများပြားလာသောကြောင့် စစ်ကောင်စီမှ ကျောင်းအထွေထွေ လုပ်သားများကို မူလတန်းပြအဖြစ် အလုပ်ခန့်နေသည်ကိုလည်း တွေ့မြင်ရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှားလာသောကြောင့် စီးပွားရေးများ၊ နိုင်ငံတော်ယန္တယားများ ကောင်းမွန်စွာ လှည့်ပတ်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...