ပြည်သူများနှင့် တစ်နှစ် ၄ ကြိမ်တွေ့ဆုံမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ပြော

ပြည်သူများနှင့် တစ်နှစ် ၄ ကြိမ်တွေ့ဆုံမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ပြော
by -
မွန်သတင်းအေဂျင်စီ
မော်လမြိုင်မြို့တွင် နေထိုင်ကြသည့် ပြည်သူများနှင့် တစ်နှစ်လျှင် ၄ ကြိမ် တွေ့ဆုံသွားပြီး ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များလည်း ရယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ဝန်ကြီးချုပ်က “ကျွန်တော် လူထုနဲ့ ပထမဆုံးအကြိမ်တွေ့တာဖြစ်သလို နောက်ဆိုရင်လည်း မကြာခဏ ဒုတိယအကြိမ် တတိယအကြိမ် တစ်နှစ်မှာ မော်လမြိုင်မှာ ရှိနေတဲ့ပြည်သူတွေအားလုံးနဲ့ တစ်နှစ်မှာ ၄ ခါလောက်တွေ့ပြီးတော့ သဘောတူညီချက်ယူမယ်” ဟု ပြောသည်။

ပြည်သူများနှင့် တွေ့ဆုံ၍ သဘောတူညီချက်များ ရယူပြီး မော်လမြိုင်မြို့နှင့် မွန်ပြည်နယ် ဂုဏ်သိက္ခာများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့သူမြို့သားများအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

“တွေ့ဆုံပွဲလုပ်တာကို ကျွန်တော်တို့ သဘောကျပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းသိစေချင်တာက သူ့အနေနဲ့ ပြည်သူဘာကို သိစေချင်တာလဲ။ သူသဲသဲကွဲကွဲသိဖို့လိုတယ်။ လူတွေနဲ့ တွေ့ရုံပဲလား။ တွေ့ပြီး တော့ သူပြောချင်တာပြောရုံပဲလား။ အဲဒါဆိုရင် ဒီနေ့လိုပုံစံမျိုးဖြစ်သွားလိမ့်မယ်”ဟု မော်လမြိုင်မြို့ခံ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမောင်မောင်ဇော်ထွန်းက ပြောသည်။

ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်သည့် ဆန္ဒများရှိပါက တွေ့ဆုံပွဲတွင် ခေါင်စဉ်တစ်ခုကိုတည်ပြီး ယင်းခေါင်းစဉ်နှင့် ပတ်သက်နေသောသူများကို ဖိတ်ခေါ်၍ လုံလောက်သည့် အချိန်အတိုင်းအတာတစ်ခု ဆွေးနွေးမည်ဆိုပါက ကောင်းသည့်ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မော်လမြိုင်ပြည်သူလူထုများ တွေ့ဆုံပွဲကို မေလ ရ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ပြီး အလာတူပင် ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင်လည်း လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

သို့ရာတွင် ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ်စဖြစ်စဉ်ကာလ လွန်ခဲ့သည့် မတ်လ ရ နေ့က ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်ပြီး သတင်းမီဒီယာများအား တစ်ပတ်တစ်ကြိမ် ပုံမှန်တွေ့ဆုံရှင်းလင်းသွားမည်ဟု ပြောကြားခဲ့ပြီးနောက် ယနေ့အထိတစ်ကြိမ်မှမတွေ့ဖြစ်သေးပေ။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...