ရခိုင်ပြည်နယ်မှ သစ်တောသယံဇာတများကို အချိန်မီထိမ်းသိမ်းရန် လိုအပ်နေ

ရခိုင်ပြည်နယ်မှ သစ်တောသယံဇာတများကို အချိန်မီထိမ်းသိမ်းရန် လိုအပ်နေ

ရခိုင်ပြည်နယ်ရှိ သစ်တောသယံဇာတများမှာ ကုန်ခမ်းစပြုလာပြီဖြစ်ပြီး အချိန်မီထိန်းသိမ်းမှုများ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA)ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က ဆိုသည်။

ရခိုင်ပြည်နယ်ရှိ သစ်တောသယံဇာတများမှာ ထုတ်ယူမှုများပြားလာမှုများကြောင့် တဖြည်းဖြည်း ဆုတ်ယုတ်လာနေပြီး အချိန်မီမထိန်းသိမ်းနိုင်ပါက ဂေဟစနစ်ယိုယွင်းမှုများ ဖြစ်ပွားလာကာ အဆိုးဘက်သို့ အကျိုးများလာနိုင်ကြောင်းကိုလည်း သူကဆိုသည်။

“အရင်တုန်းက ရခိုင်ပြည်နယ်မှာ ဒီရေတောဧရိယာ လေးသိန်းကျော်လောက်ရှိတာကို အခုဆိုရင် နှစ်သိန်းကျော်လောက်က ကုန်သွားပြီ ။ ဒီရေတောတွေမရှိရင် ဒီရေတောကိုမှီပြီး သားပေါက်နေရတဲ့ သားငါးပုဇွန်တွေဟာလည်း တဖြည်းဖြည်း မျိုးတုံးလာနိုင်ပါတယ်”ဟု ဒေါက်တာမောင်မောင်ကြည်က ရှင်းပြသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ အချို့ဒေသများ၌ ရွာတစ်ရွာလျှင် လက်ဆွဲသစ်ဖြတ်လွှစက်(ချိန်းဆော) တစ်ခုစီရှိနေပြီး ထိုအရာများကြောင့်လည်း သစ်တောပြုန်းတီးမှုများ ဖြစ်ပွားစေသည့်အတွက် သက်ဆိုင်ရာမှ စနစ်တကျ စိစစ်ထိမ်းချုပ်မှုများ ပြုလုပ်သင့်ကြောင်းကိုလည်း သူကဆိုသည်။

“လက်ကိုင် သစ်ဖြတ်လွှစက်တွေရှိနေတော့ သူတို့က ထင်းဆိုလည်း အလွန်အကျွံခုတ်ကြတယ် ။ဒါပေမယ့် ပြန်စိုက်ကြလားဆိုတော့ မစိုက်ဘူး။ သစ်တောဦးစီးဌာနနဲ့ အခြားအဖွဲ့စည်းတွေအနေနဲ့လည်း ဘယ်လောက်ပဲ သစ်တောတွေ ပြန်စိုက်ပါစေ ဒါတွေကို မထိန်းချုပ်ရင်တော့ ရမှာမဟုတ်ဘူး” ၎င်းက ရှင်းပြသည်။

သစ်တောဥပဒေပုဒ်မ ၄၂(ခ)တွင် သစ်အခြေခံအသုံးပြုသည့် အသေးစားစက်မှုလုပ်ငန်းများနှင့် ပရိဘောဂလုပ်ငန်းများမှအပ ခွင့်ပြုမိန့်မရရှိပဲ လွှစင်၊ လွှစက်၊ အထပ်သားစက်၊ သစ်ပါးလွှာစက် သို့မဟုတ် လက်ကိုင်စက်လွှတို့ လက်ကိုင်ထားရှိလျှင် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ်ဆယ်သိန်းအထိ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပါရှိသည်။

တဖက်တွင်လည်း တပိုင်တနိုင်သစ်ခုတ်သူများထက် တရားမဝင် သစ်ခိုးထုတ်သူများကြောင့် ရခိုင်ပြည်နယ်ရှိ သစ်သယံဇာတများ ပြုန်းတီးလာရခြင်းဖြစ်ကြောင်း စိမ်ပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(စစ်တွေ)ဒု-ဥက္ကဋ္ဌ ဦးမိုးကျော်ကပြောသည်။

“တစ်ခုခုဆိုရင် ပြည်သူတွေက ထင်းတွေခုတ်လို့ တောတွေပြုန်းရတယ်လို့ ပြောကြတာတွေရှိတယ်။ ဒါပေမယ့် အမှန်က ထင်းတွေအတွက်ခုတ်လို့ ပြုန်းရတာက ရာခိုင်နှုန်းနည်းနည်းပဲရှိတယ်။ တကယ်တမ်းက တရားမဝင် သစ်ထုတ်လုပ်မှုတွေကြောင့် သစ်တောသယံဇာတ ပြုန်းတီးမှုကပိုများပါတယ်”ဟု သူကဆိုသည်။

သစ်တောသယံဇာတများတွင် သစ်တောထွက် ကျွန်း၊ပျဉ်းကတိုး အစရှိသည့် သစ်များအပြင် သစ်တောမှ ထွက်ရှိသည့် ဝါး၊ကြိမ်၊သစ်ဥသစ်ဖုနှင့် သစ်တောနှင့်ဆက်စပ်သည့် အရာအားလုံးပါဝင်သည်။

မြန်မာ့သစ်တောများတွင် အဓိကအားဖြင့် ရွက်ပြတ်ရောနှောတော၊ သမပိုင်းအမြဲစိမ်းတောနှင့် အပူပိုင်းအမဲစိမ်း တောများ ပါဝင်ပြီး စာရင်းအချက်အလက်များအရ ဇီဝမျိုးစုံမျိူးကွဲ မျိုးစိတ်စုစုပေါင်း ၁၁,၈၂၄ ရှိ၍ ၎င်းတို့အနက် ၈ မျိုးမှာ ဒေသရင်းမျိုးစိတ်များဖြစ်ကာ မြန်မာနိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ရှိ သစ်တော နယ်မြေများတွင် မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အင်ဒိုချိုင်းနားကျား၊ အာရှဆင်နှင့် အာရှကြံ့သူတော် အများအပြား မှီတင်းနေထိုင်လျက်ရှိသည်။

မြန်မာ့ရွေးချယ်ခုတ်လှဲ စနစ် (Myanmar Selection System) သည် လွန်ခဲ့သော ၁၉ ရာစုကတည်းကပင် မြန်မာနိုင်ငံ၌ စတင်အသုံးပြုခဲ့သည့် စဉ်ဆက်မပြတ် ထိန်းသိမ်းထားသော သစ်ထုတ်လုပ်ရေးဆိုင်ရာ သိပ္ပံနည်းကျစီမံခန့်ခွဲမှု စနစ်တစ်ခုဖြစ်ပြီး မြေယာလုပ်ပိုင်ခွင့်နှင့် ပဋိပက္ခများ၊ ရေတိုအကျိုးအမြတ်သာ အလေးပေးသည့် တရားမဝင် သစ်ထုတ်လုပ်မှုများ ၊ အထူးသဖြင့် လူကြိုက်အလွန်များသည့် မြန်မာ့ကျွန်းသစ် ပြည်ပသို့ တင်ပို့ရောင်းချမှုများ ကြောင့် ၁၉၇၀ ပြည့်လွန်နှစ်များမှအစပြု၍ သစ်တောအတန်းအစား အလွန်အမင်း ကျဆင်းခဲ့ရကြောင်း ကျွမ်းကျင်သူများကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ  အိမ်နီးချင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာများ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂.၉၂ ရာခိုင်နှုန်းမှ ၄၂.၁၉ ရာခိုင်နှုန်းအထိ လျော့ကျသွားသွားခဲ့ကြောင်း စစ်တမ်းများအရသိရသည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...