ရေးတောင်ပိုင်းကျေးရွာအချို့တွင် ဓါးပြအဖွဲ့ ဆက်ကြေးတောင်းခံထား

ရေးတောင်ပိုင်းကျေးရွာအချို့တွင် ဓါးပြအဖွဲ့ ဆက်ကြေးတောင်းခံထား

မွန်ပြည်နယ် ရေးတောင်ပိုင်းဒေသ ခေါဇာမြို့အနီးတဝိုက်တွင် ယခုအခါ ဓါးပြအဖွဲ့ငယ်တချို့ ပြန်လည်သောင်းကျန်းလာပြီး ဆရာတော်များ၊ ကျေးရွာအကြီးအကဲများထံမှတဆင့် ကျေးရွာများကို ဆက်ကြေးငွေ သိန်းရာနှင့်ချီတောင်းခံထားကြောင်း မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

“မန်ကြီးရွာ သိန်း ၃၀၀ မိထော်လှာကြီး သိန်း ၂၀၀ ကြုံညာရွာ သိန်း ၃၀၀ တောင်းထားတယ် အရောအ်နဲ့ အချမ်းအဖွဲ့လို့ သိရတယ်၊ အရင်က လက်နက်ချ အလင်းဝင်ခဲ့ဖူးတဲ့ ဓါးပြတွေပဲ အခုတော့ ဒီအလုပ်ကို ပြန်လုပ်နေကြပြန်ပြီ” ဟု အမည်မဖော်လိုသော ဒေသခံဆရာတော်တစ်ပါးက ပြောသည်။

သို့ရာတွင် အဆိုပါဆက်ကြေးတောင်းခံမှုကို သက်ဆိုင်ရာကျေးရွာများသို့ အချက်အလက် မှန်ကန်ကြောင်း မွန်သတင်းအေဂျင်စီမှ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

“ လောလောဆယ် တချို့ရွာတွေကို ငွေတောင်းထားတယ်၊ သူတို့ဆက်ကြေးမပေးရင် လူကိုပြန်ပေးဆွဲသွားမှာ အရမ်းစိုးရိမ်ရပါတယ် နယ်မြေအေးချမ်းမှုမရှိတော့ဘူး၊ နောက်ပီး စစ်တပ်ကနေ ပြည်သူ့စစ်အဖွဲ့ကို အင်အားတိုး ချပေးထားတယ်” ဟု ကျေးရွာအကြီးအကဲတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

အဆိုပါဓါးပြနှိမ်နင်းရေးအတွက် စစ်တပ်လက်အောက်ရှိ အလင်းဝင်ပြည်သူ့အဖွဲ့ကို အင်အားတိုးမြှင့်ချပေးထားသည်ဟု မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ယင်းသို့ အလင်းဝင်ပြည်သူ့စစ်အဖွဲ့ကို အင်အားတိုးမြှင့်လာမှုကြောင့် ဒေသတွင်း မူးယစ်ဆေးဝါးအန္တရယ် စိုးရိမ်စရာရှိလာသည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

ယခင်က ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်တို့တွင် နိုင်အဗင်းနှင့် နိုင်လှိန်းညီအစ်ကိုယ်အဖွဲ့၊ ဆံရှည်နှင့် တောင်ကျော်အဖွဲ့၊ အလွန်နှင့် အဆောင်းညီအစ်ကိုယ်အဖွဲ့(၁၅ ယောက်) ၊ မွန်ချမ်းအဖွဲ့ (၁၈ ယောက်) စသည့်ဓါးပြအဖွဲ့များလှုပ်ရှားခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရသည်။  

သို့ရာတွင် ဓါးပြခေါင်းဆောင်အချို့သတ်ဖြတ်ခံရသဖြင့် အဖွဲ့အချို့ပြိုကွဲသွား၍ လက်ကျန်အဖွဲ့များအနေဖြင့် ၂၀၁၆ နှစ်လယ်ပိုင်းတွင် တပ်မတော်ထံ နောက်ဆုံးလက်နက်ချအလင်းဝင်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့အဖြစ် ဆက်လက်ရပ်တည်လာကြရာမှ နယ်မြေအေးချမ်းမှုရရှိလာခဲ့သည်။

 ခေါဇာမြို့တွင် ခလရ (၃၁) တပ်ရင်းနှင့် ရဲစခန်းတစ်ခု အခြေစိုက်လျက်ရှိသော်လည်း နယ်မြေကျယ်ဝန်း၍ တောတောင်ထူထပ်သဖြင့် ဒေသခံများအတွက် လုံခြုံရေးအပြည့်အဝရရှိရန် ဆောင်ရွက်ပေးနိုင်သည့်အနေအထား မရှိသေးပေ။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...